
ဗဟိုဌာနချုပ် လိုင်ဇာ ရှေ့တန်းစစ်မျက်နှာပြင် တစ်ခုတွင်တွေ့ရသော ကေအိုင်အေ လက်ဖြောင့်တပ်သား တစ်ဦး။
လုံဇက်ပ်ကောင် (Lung Zep Kawng) တိုက်ပွဲတွင် မြန်မာစစ်သားများ ၁၀ ဦးကျဆုံးပြီး ဂါးရာယန် ကျေးရွာတွင် ဖြစ်ပွားသောတိုက်ပွဲတွင် နောက်ထပ် စစ်သား ၆ ဦး ကျဆုံးခဲ့သည်ဟု မျက်မြင်သက်သေများ KNG ကချင်သတင်းဌာန သို့ပြောသည်။
ကျဆုံးသည့် မြန်မာစစ်သားများသည် ယခု ဂါးရာယန် စစ်မျက်နှာတွင် ရောက်ရှိနေသည့် ၀ိုင်းမော်အခြေစိုက် ခလရ (၅၈)၊ နမ္မတီးအခြေစိုက် ခမရ (၃၉၀)နှင့် အခြားတပ်ရင်းတစ်ခုမှ တပ်သားများဖြစ်သည်ဟု ဒေသခံများဆိုသည်။
ယခုအချိန်ထိ ယင်း အစိုးရစစ်ကြောင်း ထိုးစစ်အား KIA တပ်ရင်း (၃) စစ်သားများနှင့် အရပ်သားတပ်ဖွဲ့များမှ အခိုင်အမာ ခုခံနေကြောင်း ဒေသခံများပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလက ယခုစစ်မျက်နှာတွင် ဖြစ်ခဲ့သောတိုက်ပွဲတွင် မြန်မာစစ်သားများ ဓါတုလက်နက် (အဆိပ်ငွေ့)များဖြင့် KIA ကို အနည်းဆုံး (၃) ကြိမ် တိုက်ခိုက်ခဲ့သည်။
ဓာတုလက်နက် အမြောက်ဆန်ကျသောနေရာတွင် မီးခိုးအနက်ရောင်ထွက်လာပြီး ၎င်းအားရှုမိသော KIA စစ်သားများသည် ချက်ချင်းခေါင်းမူးလာခြင်း၊ တစ်ကိုယ်လုံးပျော့ကျသွားခြင်း၊ အဆက်မပြတ်အော့အန်ခြင်း၊ ၀မ်းလျှောခြင်းအပြင် နားနှင့် နှာခေါင်းမှသွေးထွက်ခြင်း စသည့် လက္ခဏာများပြသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသော KIA စစ်သားများပြောသည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !