(ဘာတေးလစ်တနာ (Bertil Lintner) ၏ Realpolitik and the Myanmar Spring ဆောင်းပါးကို နေသွင် ဘာသာပြန်သည်။)
အ မေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး အဆင်မပြေမှုတွေကို ကျော်လွှား၊ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာပြည်လည်း နှစ်ပေါင်း ၂၀ လောက် အထီးကျန် အပယ်ခံဘဝနေ လွှတ်မြောက်၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ပြန်လည်ပေါင်းစည်းခြင်းရဲ့ အမှတ်လက္ခဏာအဖြစ် ကြိုဆိုပြုကြပါတယ်၊
အနောက်မီဒီယာ တွေရဲ့ သမာရိုးကျစဉ်းစားချက်အတိုင်းဆိုရင် ၂၀၁၀ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ကလိန်ကကျစ်နဲ့ အပြစ်အနာတွေ ရှိကောင်းရှိမယ်။ ဒါပေမယ့် ထူးခြားတဲ့ ပေါ်လစီ အပြောင်းအလဲတွေ၊ ခြေလှမ်းသစ်တွေကို လှမ်းဖို့ ရှေ့ရူ့သွားလိမ့်မယ်၊ ဒီလို ယူဆကြပါတယ်၊ သမတအသစ် ဦးသိန်းစိန်ကိုလည်း သူရဲ့ တခါးဖွင့်ပေါ်လစီနဲ့ (တချို့) ဒီမိုကရေစီ တန်ဖိုးတွေ အပေါ်လေးစားကြောင်းပြသတဲ့ ရဲဝံ့သယောင်ယောင် ခြေလှမ်းတွေကြောင့် မြန်မာပြည်ရဲ့ ဂိုဘာ့ချော့လို့ တချို့က ခေါ်ကြပါတယ်၊
ဦးသိန်း စိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစကားပြောပါတယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါတယ်၊ မီဒီယာဆင်ဆာတွေကို ဖြေလျှော့ပေးတယ်၊ အကျိုးဆက်အနေနဲ့ ကလင်တန်က “မြန်မာပြည်ကို သွားဖို့ အချိန်အခါသင့်ပဲ၊ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေဖြစ်အောင် သွားပြီး တွန်းအားပေးရမယ်” လို့ဆိုပါတယ်၊
ဒါပေမယ့် ကလင်တန်ရဲ့ ခရီးစဉ်မှာ မြန်မာပြည်က မရဲတရဲ လှမ်းနေတဲ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကိစ္စအပြင်၊ တရုတ်-မြန်မာဆက်ဆံရေး၊ မြန်မာ-မြောက်ကိုရီးယားဆက်ဆံရေး ကိစ္စတို့နဲ့လည်း ပတ်သက်နေပါတယ်၊
အမှန်က တရုတ်မှာ သူရဲ့ ရည်မှန်းချက်ကို အစိုးရအာဘော် ဘေဂျင်းရီဗျူးမဂဇင်းမှာ ၁၉၈၅ ခုနှစ် စက်တင်ဘာလကတည်းက ဖော်ပြခဲ့ပါတယ်။ အနောက်တောင်ပိုင်းသို့ လမ်းဖွင့်ခြင်း- ကျွမ်းကျင်သူရဲ့ အမြင် Opening to the Southwest: An Expert Opinion,” ဆိုတဲ့ ဆောင်းပါးပါ၊ (စာရေးသူက ပန်း ကျိ ဆိုတဲ့ အရုတ် ဆက်သွယ်ရေး ဒုဝန်ကြီးဟောင်းဖြစ်ပါတယ်။ သူက ဖြစ်နိုင်ခြေတွေကို အခုလို တွက်ပြပါတယ်၊ ကုန်းတွင်းပိတ်ပြီး ပင်လယ်ထွက်ပေါက်မရှိဖြစ်နေတဲ့ ယူနန်ပြည်နယ်၊ စီချွမ် ပြည်နယ်တွေရဲ့ အိန္ဒိယသမုဒရာထွက်ပေါက်ဟာ မြန်မာပြည်ဖြစ်တယ်၊ မြန်မာပြည်ရဲ့ မီးရထားလမ်းဆုံး ဖြစ်တဲ့ မြောက်ပိုင်းနှင့် မြစ်ကြီးနားနဲ့ အရှေ့မြောက်ပိုင်းက လားရိုး၊ နောက် ဧရာဝတီမြစ်ကြီးဟာ တရုတ်ပို့ကုန်တွေအတွက် ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တယ်၊ စသဖြင့် ဖော်ပြခဲ့ပါတယ်၊ အဲဒီဆောင်းပါးဟာ တရုတ်ရဲ့ မြန်မာပြည်ဆိုင်ရာ ပေါ်လစီကို အစောဆုံးဖော်ပြတာဖြစ်ပြီး၊ မြန်မာပြည်ဟာ တရုတ်အတွက် စီးပွားရေးအရ ဘယ်လောက်အရေးကြီးသလဲဆိုတာကိုလည်း ဖော်ပြခဲ့ပါတယ်၊
အဲဒီအချိန်ကစလို့ တရုတ်အစိုးရဟာ မြန်မာပြည်ကွန်မြူနစ်ပါတီအပါအဝင်၊ အစိုးရကို တော်လှန် ပုန်ကန်တဲ့ သူပုန်အုပ်စုတွေကို ထောက်ပံ့ပေးခဲ့ပါတယ်၊ ၁၉၇၆ ခုနှစ်မှာ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း ကွယ်လွန်ပြီး တိန်ရှောင်ပိန် တက်လာတဲ့အခါမှာတော့ တရုတ်ရဲ့ နိုင်ငံခြားရေးပေါ်လစီဟာ သူပုန်တွေကို ထောက်ပံ့ရာကနေ ကုန်သွယ်ရေးမြှင့်တင့်ရေးဘက်ကို ခေါင်းလှည့်သွားပါတယ်၊
တရုတ်နှင့် မြန်မာ အစောဆုံး ကုန်သွယ်ရေးစာချုပ်ကတော့ ၁၉၈၈ ခုနှစ် ဩဂုတ်လမှာ လက်မှတ် ထိုးပါတယ်၊ ၁၉၈၈ လူထုအုံကြွမှုတွေ အပေါ်ပေါက်ခင် ရက်ပိုင်းလောက်ပဲ စောပါတယ်၊ လူထုလှုပ်ရှားမှုတွေကို စစ်တပ်က နှိမ်နင်းပြီးတဲ့အခါမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိလာပါတယ်၊ အဲဒီအချိန်မှာ တရုတ်ကလည်း မြန်မာပြည်ရဲ့ အရေးကြီးတဲ့ အဓိက ကုန်သွယ်ဖက် နိုင်ငံဘဝကို အလျင်အမြန်နဲ့ ရောက်သွားပါတယ်။ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေကို ခေတ်မှီအောင် တည်ဆောက်တဲ့နေရာမှာ တရုတ်က အကူအညီပေးခဲ့ပါတယ်၊ မြန်မာစစ်တပ်ကို စစ်လက်နက်တွေကို အမြောက်အမြားထောက်ပံ့ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ဆယ်နှစ်တခုအတွင်းမှာ တရုတ်က မြန်မာပြည်ကို တင်ပို့တဲ့ စစ်လက်နက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ဒသမ၄ ဘီလီယံရှိပါတယ်။
အိန္ဒိယသမုဒရာထဲက မြန်မာရေတပ်ကိုလည်း ခေတ်မှီအောင် တရုတ်က အကူအညီတွေ ပေးခဲ့ပါတယ်။
နောက်ပိုင်း မှာတရုတ်နှင့် မြန်မာကြားမှာ အပေးအယူကိစ္စတွေ တလှေကြီးပေါ်ပေါက်ခဲ့ပါတယ်၊ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာတော့ တရုတ်နှင့် မြန်မာတို့ အမေရိကန်ဒေါ်လာ ၁ဒသမ ၅ဘီလီယံကုန်ကျမယ့် ရေနံပိုက်လိုင်း၊ ၁ဒသမ ၀၄ ဘီလီယံကုန်ကျမယ့် ဓာတ်ငွေပိုက်လိုင်းတည်ဆာက်ရေးအတွက် သဘောတူခဲ့ကြပါတယ်၊ ၂၀၀၉ ခုနှစ် မတ်လမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးအတွက် သဘောတူခဲ့သလို၊ ၂၀၀၉ ခုနှစ် ဇွန်လမှာ ရေနံစိမ်းပိုက်လိုင်းတည်ဆောက်ရေးအတွက် သဘောတူ ခဲ့ပါတယ်။
၂၀၀၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့မှာ မြန်မာပြည်အနောက်ဘက် ကမ်းခြေ မဒေးကျွန်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်ပါတယ်၊ ဘင်္ဂလားပင်လယ်အော်ကနေ တရုတ်ပြည် ယူနန်ပြည်နယ်က ကူမင်းကို ဆက်သွယ်တဲ့ ဓာတ်ငွေ့ပိုက်လိုင်းဟာ တရုတ်သင်္ဘောတွေ အရှေ့အလယ်ပိုင်းက လောင်စာတွေကို မလက္ကာ ရေလက်ကြားကိုပတ်ပြီး သယ်ရတဲ့ ကိစ္စကို အစားထိုးနိုင်ဖို့ ရည်ရွယ်ပါတယ်၊ တခါ မနှစ် စက်တင်ဘာလမှာ တရုတ်က မြန်မာပြည်ကို အနှစ် ၃၀ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၄ဒသမ၂ ဘီလီယံထုတ်ချေးပေးဖို့ သဘောတူခဲ့ပါတယ်၊
အ နောက်နိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မြန်မာပြည်မှာ စီးပွားရေးအရ ဘာမှ မထိခိုက်ပါဘူး၊ ဒါပေမယ့် မဟာဗျူဟာအရတော့ တချို့ လေ့လာသူတွေဆိုသလို မြန်မာပြည်ကို တရုတ်လက်ထဲ ဝကွက်အပ်သလို ဖြစ်သွားပါတယ်၊ တရုတ်အတွက် သူတို့ နဂိုအစီအစဉ်တွေကို အလွယ်တကူ အကောင်အထည်ဖော်လို့ ရသွားတဲ့ သဘောဖြစ်ပါတယ်၊ အပြန်အလှန်အနေနဲ့ အနောက် နိုင်ငံတွေကလည်း သူတို့ရဲ့ မြန်မာပြည်ဆိုင်ရာပေါ်လစီကို ပြန်စဉ်းစားဖို့ ဖြစ်လာပါတယ်၊
ဒီလိုနဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ မြန်မာနဲ့ မြောက်ကိုရီးယား မဟာဗျူဟာမြောက် ဆက်ဆံရေး ထူထောင်တဲ့ အခါမှာတော့ အမေရိကန်အစိုးရအတွက် သတိပေးသလိုဖြစ်သွားပါတယ်၊ မြောက်ကိုရီယားက မြေအောက်လိုင်ခေါင်းနည်းပညာ၊ အကြီးစား လက်နက်တွေ၊ ရေဒါနဲ့ လေကြောင်း ကာကွယ်ရေးစနစ်တွေကို အကူအညီပေးနေတယ်ဆိုပြီး အနောက်နဲ့ အာရှ ထောက်လှမ်းရေး အဖွဲ့တွေက စွပ်စွဲခဲ့ကြပါတယ်။
ဒီလိုနဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံရေးလုပ်မှ ဖြစ်တော့မယ်ဆိုတဲ့ အခြေအနေကို ရောက်ခဲ့ပြီး လက်တွေ့လည်း ဖြစ်လာခဲ့ပါတယ်၊
ဒီအခြေအ နေမှာ မြန်မာပြည်က ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်လောက်ပဲ မရိုးသားဘူးလို့ပဲ ဆိုဆို၊ အမေရိကန်အစိုးရရဲ့ လိုအပ်ချက်နဲ့ ကိုက်သွားပါတယ်၊ စစ်အစိုးရအုပ်ချုပ်ရေးကနေ၊ ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်တဲ့ ပုံစံ။ မျက်နှာစာသစ်ဖြစ်လာပါတယ်၊ မြန်မာဗိုလ်ချုပ်တွေအတွက်လည်း အနောက်ကို စည်းရုံးရေးစစ်ဆင်ဖို့ အကောင်းဆုံးအချိန်ဖြစ်သွားပါတယ်၊ အမေရိကန်နှင့် အနောက်နိုင်ငံတွေက တရုတ်နှင့် မြောက်ကိုရီးယားလက်ထဲကနေ ဆွဲထုတ်နိုင်ဖို့ ဆက်ဆံရေးမပြေလည်တာတွေကို စတင် ဖြေလျှော့လာပါတယ်၊
မြန်မာပြည်ကို မလာခင်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ တောင်ကိုရီယားခရီးစဉ်ကို တိုက်ဆိုင်မှုသက်သက်လို့ ပြောဖို့ ခက်ပါတယ်၊ မြန်မာကို မြောက်ကိုရီယားနှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေကို မလုပ်ဖို့ အမေရိကန်က တောင်ကိုရီယားက တဆင့် စည်းရုံးခိုင်းခဲ့တယ်ဆိုတဲ့ သတင်းကို လုံခြုံရေးအဝန်းအဝိုင်းကြားမှာ လွန်ခဲ့တဲ့တနှစ်ကျော်ကျော်ကတည်း သိခဲ့ကြပါတယ်။
အချိန်တည်း လောက်မှာပဲ အမျိုးသားရေးစိတ်ဓာတ်ခိုင်မာတဲ့ မြန်မာစစ်တပ်အရာရှိတချို့ကလည်း တရုတ်အပေါ် အလွန်အကျွံမှီခိုနေရတဲ့အပေါ်မှာ၊ တရုတ်လူမျိုးတွေ မြန်မာပြည်မြောက်ပိုင်းကို အထိန်းအချုပ်မရှိဝင်ရောက်လာတဲ့အပေါ်မှာ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။
ပထမဆုံး အဖြစ်အပျက်က ၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ ထောက်လှမ်းရေးအကြီးအကဲနှင့် ဝန်ကြီးချုပ် ခင်ညွန်ကို ရာထူးက ဖြုတ်လိုက်တဲ့ ကိစ္စပါ၊ ဒီသတင်းကို တရုတ်တွေကအစမှာ မယုံနိုင်အောင် ဖြစ်ရပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးမှာ အရေးပါအရာရောက်တဲ့ သူကို ဖြုတ်လိုက်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ တရုတ်တွေက တွေးထင်ခဲ့ကြပါတယ်။
ဒီကိစ္စမှာ တော့ နှစ်ဘက်က အဆင်ပြေပြေပြန်ညှိနိုင်ပြီး ပုံမှန်ဆက်ဆံရေးကို ပြန်လည် တည်ဆောက် နိုင်ခဲ့ပါတယ်၊ ဒီလိုနဲ့ ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်တပ်က အရှေ့မြောက်က ကိုးကန့်ဒေသကို တိုက်ခိုက်ခဲ့တဲ့ အခါမှာ ဒေသခံတွေ၊ တရုတ်နိုင်ငံသားတွေ၊ တရုတ်မျိုးနွယ်စုတွေ ၃ သောင်းလောက် တရုတ်နိုင်ငံဘက် အခြမ်းကို ပြန်ပြေးခဲ့ရပါတယ်။
ဒါ တောင်တရုတ်က မမှတ်သေးပါဘူး၊ ဒီလိုနဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကိုရောက်လာပါတယ်။ သမတဦးသိန်းစိန်က တရုတ်က တည်ဆောက်နေတဲ့ အမေရိကန်ဒေါ်လာ ၃ဒသမ၆ ဘီလီယံ ကုန်ကျမယ့် ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းဖို့ ကြေညာလိုက်ပါတယ်၊ အဲဒီရေကာတာကြောင့် စင်ကာပူနိုင်ငံလောက် ရေလွှမ်းဖို့ ရှိပီး၊ လျှပ်စစ်ရဲ့ ၉၀ ရာခိုင်နှုန်းကိုတော့ တရုတ်ပြည် တင်ပို့ဖို့ ရည်ရွယ်ခဲ့ပါတယ်၊ တရုတ်ဘက်ကတော့ ဒီကိစ္စနဲ့ပက်သက်လို့ စာချုပ်ကို ချိုးဖောက်တဲ့အတွက် တရားစွဲမယ်လို့ ခြိမ်းခြောက်နေပါတယ်၊
ဒါက တရုတ်မြန်မာဆက်ဆံရေး ပျက်ယွင်းနေမှုအပေါ် နောက်ဆုံးတင်လိုက်တဲ့ ကောက်ရိုးမျှင်လို့ပဲ ဆိုရမှာပါ။ သေချာတာကတော့ တရုတ်မြန်မာဆက်ဆံရေးဟာ အရင်အခြေအနေကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ဘူးဆိုတာပါပဲ။
တရုတ်နဲ့ ဆက်ဆံရေးမပြေလည်တဲ့အခါမှာ မြန်မာက အာဆီယံဘက်ကို လှည့်လာပါတယ်။ ၂၀၁၄ မှာ မြန်မာက အာဆီယံ ဥက္ကဌ တာဝန်ယူဖို့က ရှိပါတယ်၊ နောက်ထူးခြားချက်တခုကတော့ စစ်ဦးစီချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်ပြည်ကို မသွားဘဲ၊ တရုတ်နဲ့ အစဉ်အလာ ရန်ဘက်လိုဖြစ်နေတဲ့ ဗီယက်နမ်ကို နိုဝင်ဘာလလယ်မှာ သွားရောက်ခဲ့ပါတယ်။ မြန်မာနဲ့ ဗီယက်နမ်မှာ တူတဲ့အချက်က အိမ်နီးချင်း တရုတ်ကို စိုးရိမ်နေကြတဲ့အချက်ပါပဲ၊
ဒီလို မဟာဗျူဟာတွေ နေ့ချင်းညချင်းပြောင်းခဲ့တာတော့မဟုတ်ပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်ကို ဖြုတ်လိုက်တဲ့နှစ်မှာပဲ ဒီအက်စ်အေက ဒုဗိုလ်မှူးကြီး အောင်ကျော်လှရဲ့ ထိပ်တန်းလျှို့ဝှက် စာတမ်း တစောင်ထွက်ခဲ့ပါတယ်၊ မြန်မာအမေရိကန်ဆက်ဆံရေး စာတမ်းမှာပါတဲ့အချက်တွေဟာ အခု မြန်မာအစိုးရက အကောင်အထည်ဖော်နေတဲ့ တရုတ်နဲ့ ခွာပြီး၊ အမေရိကန်နဲ့ ဆက်ဆံရေး ပြန် တည်ဆောက်ရေးတွေ ဖြစ်လာတာပါပဲ။ မြန်မာအစိုးရအနေနဲ့ အစိုးရအဟောင်းနေရာမှာ အများက ပြိုပီး လက်ခံနိုင်တဲ့ အစိုးရသစ်တရပ်နဲ့ အစားထိုးမယ်ဆိုရင် – မြန်မာအစိုးရအနေနဲ့ရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်ရော၊ မူဝါဒသစ်တွေ ချမှတ်ဖို့ ပိုပြီး လွယ်ကူသွားလိမ့်မယ်လို့ စာတမ်းက ဆိုပါတယ်၊ ။
အခုအ မေရိကန်နှင့် ဆက်ဆံရေး တိုးတက်နေတာဟာ ၂၀၀၄ ခုနှစ်က ဒုဗိုလ်မှူးကြီး အောင်ကျော်လှ ချပြခဲ့တဲ့ လမ်းကြောင်းလို့ ဆိုနိုင်ပါတယ်၊
အ မေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ မြန်မာပြည်ခရိးမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စတွေကို လူကြားကောင်းအောင်ပြောပြီး၊ တဖက်မှာတော့ တရုတ်-မြန်မာဆက်ဆံရေး၊ မြန်မာ-မြောက်ကိုရီယား ဆက်ဆံရေးကိစ္စတွေဟာ အရေးကြီးကိစ္စအနေနဲ့ ပါမယ်ဆိုတာ သံသယ သိပ်ဖြစ်စရာမရှိပါဘူး။ နိုဝင်ဘာလက (ဩစတေးလျနိုင်ငံ) ကန်ဘာရာ မှာ သမတ အိုဘာမားက “ဒီဒေသကို အလည်လာတဲ့သဘောကတော့ အမေရိကန်နိုင်ငံအနေနဲ့ အာရှ ပစိဖတ်ဒေသကို သံဓိဌာန်ခိုင်ခိုင်မာမာနဲ့ ဝင်လာပြီဆိုတာကို ရှင်းရှင်းလင်းလင်းပြချင်လို့” ဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ “အမေရိကန်ဟာ ပစိဖိတ်ဒေသရဲ့ အင်အား”ဖြစ်တယ်၊ “ဒီအတိုင်း ဆက်ရှိနေမယ်”လို့ ဆိုပါတယ်၊ တချိန်တည်းမှာအမေရိကန်က တရုတ်အပေါ်ကို စိုးရိမ်မှုရှိတယ်၊ အမေရိကန်က တရုတ်ကို ဝိုင်းပယ်ဖို့လုပ်မယ်စတဲ့ အယူအဆတွေဟာ တကယ်တော့ မှားယွင်းတယ်လို့လည်း အိုးဘားမားက ပြောခဲ့ပါတယ်၊
တကယ်တော့ ဒီပြောဆိုချက်ဟာ – မြစ်ဆုံရေကာတာကို ပြည်သူတွေရဲ့ သဘောဆန္ဒအရ ဆိုင်းငံ့ လိုက်ရပါတယ်ဆိုတဲ့ သမတဦးသိန်းစိန်ရဲ့ ပြောဆိုချက်မျိုးပဲဖြစ်ပါတယ်။ တရုတ်ကို လက်ခံယုံကြည် သွားအောင် အာမခံတဲ့ ပြောဆိုချက်မျှသာ ဖြစ်ပါတယ်၊
နောက်ဆုံး မှာတော့ မြန်မာနှင့် အမေရိကန် ရန်သူတော်ဟောင်းတွေဟာ တောင်အာရှမှာ ဩဇာနှင့် အာဏာထူထောင်ဖို့ ကြိုးပမ်းရင်း တဖက်တည်းသားတွေ ဖြစ်သွားပါပြီ၊ ဒါကြောင့် တရုတ်မြန်မာ ဆက်ဆံရေးမှာ အကွဲအပြဲတွေလည်း ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်၊ အမေရိကန်နှင့် အနောက်ကမ္ဘာခြမ်းမှာလည်း မြန်မာဟာ အထီးကျန်အပယ်ခံ၊ အဝေဖန်ခံနေရတဲ့ ဘဝကနေ လွတ်မြောက်သွားပါပီ၊
ဘာပဲဖြစ် နေဖြစ်နေ၊ ဒီဆက်ဆံရေးတွေက အဖုအထစ်တွေအားလုံး အဆင်ချောဖို့တော့မမျှော်လင့်ပါနဲ့၊ ဆယ်စု နှစ်တွေချီဖြစ်ခဲ့တဲ့ ထိပ်တိုက်တွေ့မှုတွေ၊ အပြန်အလှန်သံသယတွေကတော့ ရှိနေပါတယ်၊ အမေရိကန် အစိုးရရဲ့ ဗီဇစိတ်ဖြစ်တဲ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိစ္စဟာ မြန်မာအစိုးရလို အာဏာကို တရွေးသားမှ လက်မလွှတ်ချင်တဲ့၊ အစိုးရမျိုးနဲ့ ဆက်ဆံရေးမှာ ရှုပ်ထွေးမှုတွေ ရှိမှာပါပဲ၊
နောက်ဆုံး တရုတ်နိုင်ငံကိစ္စပါ၊ မြန်မာအစိုးရအနေနဲ့ တရုတ်အပေါ် မှီခိုနေရာတာကို မြန်မြန် အဆုံးသတ် သွားတာမျိုးကို လိုချင်မှာတော့ သေချာပါတယ်၊ ဒါပေမယ့် ဆယ်စုနှစ်တွေချီ ကြာညောင်း ခဲ့တဲ့ ဆက်ဆံရေးကနေ ရှိနေတဲ့၊ လုပ်လက်စ စီမံကိန်းတွေက ရှိနေပါတယ်၊ ဒါကြောင့် မြန်မာနှင့် တရုတ် ဆက်ဆံရေး- မကြာခင်မှာအဆုံးသတ်သွားတော့မယ်ဆိုတဲ့ အခြေအနေကိုတော့ ရောက်လာဖို့ မရှိသေးပါကြောင်းပါ။
(Bertil Lintner ရေးသည့် Realpolitik and the Myanmar Spring ဆောင်းပါး ကောက်နှုတ်ချက်ဖြစ်ပါသည်။ ဆောင်းပါးရှင်သည် မြန်မာပြည်အကြောင်း စာအုပ်ပေါင်းစွာ ရေးသားခဲ့သူဖြစ်ပြီး၊ ဤဆောင်းပါးကို ဖော်ရိန်းပေါ်လစီမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်)
post by DVB
No comments:
Post a Comment