ထိပ်ဆုံး သတင်း :

ဒီနေ့အင်္ဂါနေပါ့, ဧပြီလ 29, 2025

Home » » မလေးရှားရောက် မြန်မာနိုင်ငံသားတွေ လုံခြုံရေး စိုးရိမ်ရ

မလေးရှားရောက် မြန်မာနိုင်ငံသားတွေ လုံခြုံရေး စိုးရိမ်ရ

6/11/2013 02:05:00 PMတွင်ရေးသည်

ဓါတ်ပုံကို deyea မှကူးယူဖော်ပြထားသည်
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ဒေသခံလူတစ်စုရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ခံနေရသလို၊ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ အကူအညီပေးနေတဲ့ မြန်မာအဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဒီလို စိုးရိမ်စရာ အကြမ်းဖက်မှု အခြေအနေတွေ ဖြစ်ပွားနေလို့ အလုပ်သမားတွေ အလုပ်မဆင်းနိုင်သေးသလို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနဲ့ တခြား အသိမိတ်ဆွေအိမ်တွေမှာ အုပ်စုဖွဲ့ပြီး ပုန်းအောင်းနေထိုင်နေရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ အကူအညီ ကင်းမဲ့နေတဲ့ အနေအထားမှာ ရှိနေပြီး မြန်မာပြည်တွင်း ပြန်လာဖို့အတွက်ကိုလည်း ပြင် ဆင်နေကြပြီလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ဒေသခံ မူဆလင်လူတစ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မလေးရှားနိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားနေပါတယ်။ အခုလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကြောင့် ထိခိုက်သေဆုံးမှု ဖြစ်စဉ်တွေကို မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ကိုအောင်ကြီး က အခုလို ပြောပြပါတယ်။

“မနေ့ကနဲ့ ဒီကနေ့ အခြေအနေ နောက်ဆုံးရထားတဲ့ သတင်းတွေ ကွာလာလမ်ပူနဲ့ အနီးဆုံးနေရာ ရှာအလမ် ၁၂-၁၄ မှာ အမျိုးသမီးနှစ်ယောက်ကို နေ့ခင်း ၃ နာရီလောက်မှာ ကုလားအယောက် ၃၀ ကနေပြီးတော့ ကောင်မလေးကို မုဒိန်းကျင့်ပြီးတော့ သတ်သွားပါတယ်။ အဲ့ဒီလူတွေ ဆိုင်ကယ်လ်ကတော့ နံပါတ်မပါဘူး။ လူတွေက မျက်နှာအကုန် အုပ်ထားပါတယ်။ နောက်တစ်နာရီကျော် ကျလောက်မှ အဲ့ဒီနားက လူတွေ သိကြပါတယ်။ ဂျိုဟိုး ဘာတို့မှာကျတော့ ညပိုင်းမှာ ဗမာနှစ်ယောက်ကို ထပ်သတ်သွားပါတယ်။ သတ်သွားတဲ့အချိန်မှာ ဗမာမှန်ရင် အကုန် သတ်မယ်ဆိုပြီးတော့ ကြွေးကျော်သွားပါတယ်။ မနက်ကမှ ရဲတွေ အကုန်လုံး ယူသွားပါတယ် အလောင်းတွေကို၊ နောက်တခါ မလဂါမြို့ပေါ်မှာ ကားဝင်းထဲမှာ အဲ့ဒီထဲမှာ ဗမာ ၃ ယောက်ကိုလည်း ထပ်ပြီး သတ်သွားပါတယ်။ ကျနော့် ခန့်မှန်းခြေ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၁၀ ယောက်ရှိပါတယ်။ သေဆုံးခဲ့တဲ့သူကတော့ ဗမာလူမျိုးကြီးပဲကို ၁၈ ယောက် ရှိသွားပါပြီခင်ဗျ။”

မလေးရှားနိုင်ငံမှာ အခုလို အကြမ်းဖက်မှု ဖြစ်ပွားတဲ့ အခြေအနေတွေကြောင့် မြန်မာ အလုပ်သမားတွေ ထိပ်လန့်နေကြသလို အလုပ်ခွင် မဆင်းကြဘူးလို့လည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုအောင်ကြီး က အခုလို ဆက်ပြောပါတယ်။

“ဒီနေ့ဆိုရင် လူတွေအတော်များများ အလုပ်မသွားကြပါဘူးခင်ဗျ။ စက်ရုံတွေမှာ မနေရဲဘူး။ အိမ်တွေမှာ မနေရဲတော့ဘူး။ သူဋ္ဌေးတွေကို သူတို့ တင်ပြတယ်။ သူဋ္ဌေးတွေကလည်း ဘာမှ အကျိုးမဆောင်ပေးပါဘူး။ မလေးရှားမှာ မည်သူမဆို အကုန်လုံးက ကြောက်လန့်ပြီး ထိပ်လန့်နေကြပါတယ်။ ဗမာတွေအားလုံးဟာ ၁၀ ယောက်၊ ၁၅ ယောက် စုပြီးတော့ နေကြရပါတယ်။ စက်ရုံနဲ့ အိမ်နဲ့ ပြန်တဲ့အခါမှာလည်း လမ်းမှာ အသတ်ခံရမှာ ကြောက်တဲ့အတွက် ဘယ်သူမှ အလုပ်မဆင်းရဲဘူး ဖြစ်နေကြပါတယ်။”

လက်ရှိ အခြေအနေအရ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ အကူအညီ ကင်းမဲ့နေတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်းးကိုအောင်ကြီးက ဆက်ပြောပါတယ်။

“လက်ရှိ မလေးရှားရဲတွေကလည်း သူတို့က အလောင်းကောက်တာပဲ သူတို့လုပ်ပါတယ်။ ကျန်တာ ဘာမှ မလုပ်ကြပါဘူး။ ကျနော်တို့ကလည်း သတင်းရရင် သတင်းရတဲ့နေရာကို သွားတယ်။ အလောင်းတွေပဲ တွေ့ရပါတယ်။ လူသတ်တဲ့ကောင်တွေက လူသတ်ပြီး ထွက်ပြေးသွားတယ်။ လုံးဝကို မတွေ့ရတော့ပါဘူး။ ဒီမှာရှိတဲ့ အလုပ်သမား အကုန်လုံးဟာ ပြန်ချင်တဲ့သူတွေ များတယ်။ ပြန်ဖို့အတွက်ကိုလုပ်တော့ သံရုံးက ဘာမှ မကူညီပါဘူး။ အခု ကျနော်တို့နေတဲ့ အိမ်တွေမှာလည်း ၆၀ လောက် ရောက်နေပါတယ်။ အဲ့ဒီဒုက္ခသည်တွေကိုလည်း ဘယ်သူမှ ကူညီမယ့်သူ မရှိပါဘူး။ ဘယ် NGO မှလည်း သူတို့ကို ကူညီ မပေးပါဘူး။ မြန်မာနိုင်ငံအစိုးရကလည်း အကူအညီ မပေးပါဘူး။ မလေးရှားအစိုးရကလည်း ဘာမှ မကူညီပေးပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ NGO အဖွဲ့တွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို ကျနော်တို့ တင်ပြထားပါတယ်။ ဘယ်လိုမှ အကြောင်း ပြန်မလာပါဘူးခင်ဗျ။”

ဒီအကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမဲ့လည်း အဆက်အသွယ် မရရှိခဲ့ပါဘူး။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရတာ ရှိသလို၊ တခြားနီးစပ်ရာ အိမ်တွေမှာလည်း ခိုလှုံနေကြရတယ်လို့ စံဗောဓိကျောင်းဆရာတော် ဦးအိန္ဒက က အခုလို မြွက်ကြားခဲ့ပါတယ်။

“ဆရာတော့်ကျောင်းမှာတော့ ၂၅ ယောက်လောက်ရှိသေးတယ် ဒကာကြီး။ သူတို့ကလည်း ပြန်ဖို့ လုပ်နေကြပါတယ်။ မကြာခင်မှာ ပြန်ကြမှာပါ။ တခြားနေရာတွေမှာတော့ သူတို့ သူငယ်ချင်း အသီးသီးအိမ်တွေမှာပဲ အဲ့ဒီလို ခွဲနေကြပါတယ်။ ဗမာအားလုံး ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်မြို့မှာပဲဖြစ်ဖြစ် အကုန်လုံးက ထိပ်လန့်နေကြတာပေါ့လေ။”

မြန်မာအလုပ်သမားတွေ အများစုဟာ နေရပ်ရင်းကို ပြန်ချင်ပေမဲ့ အပြန်ခရီးမှာလည်း လုံခြုံမှု မရှိတဲ့ အနေအထားကြောင့် အခြေအနေကို စောင့်ဆိုင်းနေတယ်လို့ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုမျိုးအောင် က ပြောပါတယ်။

“အပြန်ခရီးကျတော့လည်း နည်းနည်းစိုးရိမ်စရာရှိတယ်။ သွားတာလာတာကလည်း ဘယ်လိုရှိနေလဲ အနေအထားကလည်း ဘယ်သူမှ အတိအကျ မသိဘူးလေ။ ပြန်ဖို့ကို အခြေအနေ စောင့်ကြည့်ပြီးတော့ ပြဿနာက ဆက်ကြီးလာမလား။ အခြေအနေကလည်း မခန့်မှန်းနိုင်တဲ့ အနေအထား ရှိနေတယ်ဗျ။”

ဒီဆူပူအကြမ်းဖက်မှုတွေဟာ မလေးရှားနိုင်ငံ ဆလာရန်းမြို့နယ်မှာ မေလကုန်ပိုင်းက စပြီး ဖြစ်ပွားခဲ့တာပါ။ အခုလို ဖြစ်ပွားခဲ့ရတာကလည်း မြန်မာနိုင်ငံတွင်းမှာ မူဆလင်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှု လုပ်ရပ်တွေကနေတဆင့် ကူးစက်လာတယ်လို့လည်း အလုပ်သမားတွေက ယူဆနေကြပါတယ်။

ပဋိပက္ခဖြစ်ပွားမှု အခြေအနေနဲ့ပတ်သက်ပြီး ဇွန်လ ၄ ရက်နေ့က မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး ဦးဇင်ယော်ကနေ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး အာမက် ဖိုင်စဲလ် မူဟာမက် (Ahmad Faisal Muhamad) ကို မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံနေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံသားတွေအပေါ် အကြမ်းဖက်မှု ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် မလေးရှားနိုင်ငံကို အလုပ်သမား စေလွှတ်မှု ရပ်ဆိုင်းသွားမယ်လို့လည်း အလုပ်သမားရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီး ဦးမြင့်သိန်း ကလည်း ပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးနဲ့ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ဖို့အတွက် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို မလေးရှားနိုင်ငံဆီ စေလွှတ်ဖို့အတွက် နှစ်ဘက်နိုင်ငံ အာဏာပိုင်တွေအနေနဲ့ ညှိနှိုင်းနေဆဲလို့လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"