ကချင်ပြည်နယ်က တကျော့ပြန် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်မှာ အခုဆို နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထို စစ်ကြောင့် လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းကျော်အထိ ရှိလာပြီဖြစ်သည့်အတွက် တိုက်ပွဲများ ကြားတွင် ရုန်းကန်နေရသည့် ကချင်ပြည်သူတွေ၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) က အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန်ကို မဇ္စျိမက တွေ့ဆုံမေးမြန်းထားပါသည်။
ကချင်ပြည်နယ်မှာစစ်ဖြစ်တဲ့ နှစ်နှစ်တာပြည့်တဲ့ကာလအတွင်း ကချင်စစ်ပြေး ဒုက္ခသည်တိုးလာတာ ရှိပါသလား။
ကချင်ပြည်နယ်မှာ ဒုက္ခသည် တစ်သိန်းကျော်ရှိနေပြီလို့ ပြောပေမယ့် အဲဒီ့ စစ်ပြေးပြည်သူကို ဝိုင်းဝန်း ပြုစု
စောင့်ရှောက်တဲ့ သူတွေကလဲ ဒုက္ခသည်တွေ ပြန်ဖြစ်နေတယ်၊ တစ် သိန်းကျော်သော စစ်ပြေးပြည်သူတွေရဲ့ ဝန်ထုတ်ဝန်ပိုးတွေကို နေ့နေ့ညည ထမ်းနေရတော့ တကယ်ဆို ကချင်ပြည်သူအကုန်လုံးက ဒုက္ခသည် တစ်ပိုင်း
ဖြစ်နေရတာပေါ့၊ ဒီစစ်ဒဏ်ကို ကချင်ပြည်သူလူထုက ဆက်ပြီးမခံစားနိုင်တော့ဘူး။
ကချင်ဒုက္ခသည်စခန်းတွေက ပြည်သူတွေ က သူတို့အသက်မွေးဝမ်းကျောင်းအတွက် နယ်စပ်ကိုသွားပြီး အလုပ်လုပ်နေရတာတွေ ရှိနေတယ်ဆိုတာ ဟုတ်ပါသလား။
ဒုက္ခသည်မဟုတ်တဲ့ သာမန်ပြည်သူတွေထဲမှာတောင် ခုလို(နယ်စပ်မှာ အလုပ်လုပ်ရတာ)တွေ ရှိနေတယ်။ ဒီတော့ ဒုက္ခသည် စခန်းမှာရှိတဲ့ သိန်းနဲ့ချီပြီးရှိတဲ့လူတွေ ထဲကရော မဖြစ်နိုင်ဘူးလို့ ဘယ်သူအာမခံနိုင်မလဲ၊ တချို့အမျိုးသမီး
တွေမှာ သားသမီးတွေရှိတယ်။ ဒုက္ခသည် စခန်းကကျွေးတဲ့ မနက်စာ၊ ညစာစားပြီး တစ်ကျပ်မှ မရှိဘဲနဲ့နေရ၊ စားရတာထက်စာရင် အိတ်ထောင့်ထဲ မှာ အများသူငါလို ကိုယ့်ကလေး ငိုတဲ့အခါမုန့်ဝယ်ကျွေးချင် တဲ့ဆန္ဒရှိမှာပဲ။ Camp ရဲ့ကြီးကြပ်ရေး ကော်မတီခွင့်ပြုချက်ယူပြီး နေ့ခင်းပိုင်းတွေမှာ အလုပ်သွား လုပ်တာတွေရှိတယ်၊ နယ်စပ်မှာ ရှိတဲ့ တရုတ်ပြည်ဘက်မှာ နေ့စား သွားလုပ်တာတွေရှိတယ်။ အစိုးရ Camp တွေဘက်မှာ Camp တွေနဲ့ နီးတဲ့နေရာတို့၊ မနက်သွား၊ ညပြန်လာလို့ရတဲ့ နေရာတို့၊ စိတ်ချရတဲ့နေရာတွေမှာ သွားအလုပ်ဝင်တာရှိတယ်။ ညအိပ်တော့ မလွှတ်ဘူး။
လက်ရှိကချင်ဒုက္ခသည် စခန်းတွေမှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေက ဘယ်လို ရပ်တည်နေရပါလဲ။
သူတို့ကတော့ ရည်ရွယ်ချက်မဲ့ပြီးတော့ သူတို့ဘဝ ပျောက်ဆုံးနေတာပေါ့။ ဘယ်တော့ပြန်ရမယ်မှန်းလဲ မသိ။
ရှေ့ဆက်ပြီးတော့ နေရင်လဲ ဘယ်လိုဒုက္ခ တွေကြုံခံစားရမယ် ကအစ အချိန်ပြည့် စိုးရိမ်ပူပန်နေပြီးတော့ သူတို့ရှေရေး ပျောက်ဆုံးနေတဲ့ အနေအထားရှိတယ်။ ကြာလာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေက ပျက်စီးလာ တယ်။ ပုံမှန်အနေအထား စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ပြန်ရောက်အောင်တော့ စဆောင်ရွက်ပေးဖို့ လိုနေတယ်။ အခုဒုက္ခသည် စခန်းတွေရဲ့ တစ်နေရာမှာဆို ကိုးရာရှိတယ်၊ တစ်နေရာမှာဆို နှစ်ထောင်ရှိတယ်ဆိုတော့ အပေါ့အပါးသသွားရမယ့် နေရာတွေတောင်မစဉ်းစား ရဲစရာပဲ။
စုပေါင်းပြီးတော့ အိပ်ရတယ်၊ ကျပ်ကျပ်တည်းတည်း အိပ်ရတယ်။ အဲဒီအနေအထားက နှစ်နှစ်လောက်ကြာလာပြီ ဆိုတော့ စိတ်ဓာတ်တွေကအစ အကုန်လုံး ဖရိုဖရဲဖြစ်တယ်။ တည်ငြိမ်လာအောင် လုပ်ဖို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး ကိုယ့်အားကိုယ် ကိုးနိုင်ဖို့ သူတို့ကို ပံ့ပိုးနိုင်ဖို့ အချိန်ယူရမယ်။ ဖားကန့်မှာတင် ကချင်စစ်ပြေး
ပြည်သူ ခြောက်ထောင်ကျော်လောက်ရှိတယ်။
သူတို့က အိမ်ပြန်ချင်တယ်ပဲပြောတယ်။ ကလေးတွေလည်း စရောက်ကာစကတော့ လူအုပ်နဲ့ဆိုတော့ ပွဲသွားသလို ထင်နေကြတယ်။ ကြာလာတော့ ကလေးတွေလည်း ပြန်ချင်တယ်ပဲ ပြောတယ်။ အိမ်ပြန်ချင်တယ်ဆိုတာ ဘဝ
ပြန်လိုချင်တာပေါ့။အိုးအိမ်တွေလည်း ဘာမှမရှိတော့ဘူး။ အိမ်တွေလည်း အကုန် ပျက်ဆီးကုန်ပြီ။ မီးလောင်လို့၊ တိုက်ပွဲဖြစ်လို့ ကျွဲ၊ နွားတွေတော့ ပြောမနေနဲ့ မရှိတော့ဘူး။ အိုးခွက်၊ ပန်းကန်ကအစ အားလုံး အစကနေ
ပြန်လုပ်ပေးရတော့မယ်။
ကချင်ပြည်နယ်ရဲ့ လက်ရှိလမ်းပန်း ဆက်သွယ်ရေး အခြေအနေကိုသိလိုပါတယ်။
မေလက အစိုးရနဲ့ကေအိုင်အို နောက်တစ်ဆင့် လက်မှတ်ထိုးခိုင်းတဲ့ အနေအထားရှိလာပြီ။ နှစ်ဖက်စလုံးက အပစ်အခတ်ကို အရှိန်လျှော့ပြီး ထိန်းသိမ်းကြတဲ့ အနေအထားရှိလာတယ်၊ အရင်ကဆိုရင် ဗန်းမော်၊ မြစ်ကြီးနား၊ လိုင်ဇာ သွားလို့မရဘူး။ အခု လိုင်ဇာဘက်ကိုလဲ အရပ်သားတွေ လွတ်လွတ်လတ်လတ် သွားလို့ရပြီ။ ဖားကန့်၊ ပူတာအို၊ ကန်ပိုက်တီးလည်း သွားလို့ရပြီ။
လမ်းကနေ ဘေးကို တောထဲ၊ တောင်တွေထဲတော့ မဆင်းရဲသေးဘူး။ မိုင်းအန္တရာယ် ကြောက်လို့။ မိုင်းတွေရှိမလား စိုးရိမ်စိတ်တော့ ပြည်သူတွေထဲမှာ ရှိတယ်။ တိုက်ပွဲမရှိတဲ့ နေရာလောက်ပဲ ကျေးလက်ဒေသခံတွေ သွားကြတယ်။
မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရတာကို စာရင်းကောက်ယူထားတာ ရှိပါလား။
အစိုးရကလည်း လက်လှမ်းမီတဲ့ နေရာတွေမှာ မိုင်းထိသူ ဘယ်လောက်ဆိုတာ သူ့စာ ရင်းသူ ရှိမယ်။ ကေအိုင်အို ဘက်ကလဲ စာရင်း ရှိ နေလိမ့်မယ်။ အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်စလုံးနဲ့ အလှမ်းဝေးတဲ့ အုပ်ချုပ်မှုမရှိတဲ့ နေရာ
တွေမှာလည်း မိုင်းထိပြည်သူတွေ ရှိနိုင်တာပဲ။ အစိုးရဘက်ပဲဖြစ်ဖြစ်၊ ကေအိုင်အို ဘက်ပဲ ဖြစ်ဖြစ် တစ်နိုင်ငံတည်းဖြစ် တဲ့ ကိစ္စဆို တော့ တိတိကျကျ စာရင်းကောက်ဖို့ လိုလိမ့်မယ်။ နှစ်ဦး၊ နှစ်ဖက် အပစ်အခတ် ရပ်စဲပြီးတော့ လက်မှတ်
ရေးထိုးပြီး ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်တဲ့ အချိန်မှ ဒီစာရင်းတွေကို အတိအကျ ကောက်ယူနိုင်မယ့် အနေအထားရှိလာမှာ။
အကြိမ်ကြိမ် ဆွေးနွေးရဲ့သားနဲ့ အခုအချိန်ထိ ခိုင်မာတဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်တာက..။
လုံးဝမယုံကြည်လို့ဘဲ၊ ယုံကြည်မှု လုံးဝမရှိလို့ဘဲ မတည်ဆောက်နိုင်တာ။ ဆွေးနွေးလို့ သဘောတူညီမှု ရရှိမှုအပေါ် မှာ မူတည်ပြီးမှ ယုံကြည်မှုက တည်ဆောက်နိုင်မှာ။ တရားမျှတတဲ့ တန်းတူညီမျှတဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး ဆိုတာက ပြည်ထောင်စုစစ်စစ်ဖြစ်လာဖို့ အခြေခံပဲ။ ဖယ်ဒရယ်ဖြစ်လာဖို့လည်း ဒါအခြေခံပဲ။ ပြည်သူတွေ ဘာလိုချင်တာလည်း အဲဒါပဲ၊ ကေအိုင်အို၊ ကေအိုင်အေ၊ လိုချင်တာက ဘာလည်း အဲဒါပဲ။ ကေအိုင်အို၊ ကေအိုင်အေ ကလည်း ပြည်ထောင်စုထဲက မခွဲထွက်ဘူးလို့ သူတို့ပြောတာပဲ။ ပြည်ထောင်စု စစ်စစ်ကို သူတို့ဖြစ်ချင်တယ်။
ပြည်ထောင်စု တပ်မတော် ဖြစ်ချင်တယ်လို့ပဲ သူတို့တောင်းဆိုတယ် ဒီနေ့ ကချင် ပြည်သူလူထုတွေကလည်း တရားမျှတဲ့ တန်းတူညီမျှတဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး ဒီဟာပဲ လိုချင်တာပဲ။ ဒီကိစ္စက ပြည် ထောင်စုနဲ့ သက်ဆိုင်တယ်၊ ဖယ်ဒရယ်နဲ့ သက်ဆိုင်တာပါပဲ။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက် နိုင်ဖို့ ခုလက်ရှိအခြေအနေကို ဘယ်လို သုံးသပ်ချင်ပါသလဲ။
အရင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သူ့အလို ကိုယ့်အလို ဆွေးနွေးတာ တွေရှိခဲ့တယ်လို့ ကျွန်တော်ယူဆတယ်။ အခု မေ ၃ဝ က ဆွေးနွေးပွဲမှာတော့ တိုင်းရင်းသားပြည်သူတွေရဲ့ အရေး၊ တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒကို ဦးစားပေး ဆွေးနွေးလာတာကို တွေ့ရတယ်။ ဆွေးနွေးပွဲ သဘောတူညီချက် ခုနစ်ချက်ထဲမှာ ယုံကြည်လောက်တဲ့ အချက်တွေပါနေတယ်။ နှစ်ဖက်စောင့်ကြည့်အဖွဲ့ ဖွဲ့စည်းခြင်း၊ ကေအိုင်အိုအဖွဲ့ မြစ်ကြီးနားမှာ ရုံးဖွင့်ဖို့ ညှိနှိုင်းနိုင်လာ တဲ့ အချက်တွေကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေး မဝေးတော့ဘူးလို့ ပြောနိုင်တယ်။
ကချင်စစ်ပွဲ တွေဖြစ်ပွားနေတဲ့အပေါ် အစိုးရကို ဘယ်လိုအကြံပြုချက်ပေးလိုပါလဲ။
မြန်မာပြည်ရဲ့ မြေပုံကိုကြည့်ပါ၊ ကချင် ပြည်နယ်က ဟိုးထိပ်ဆုံးပေါ်မှာ ရှိနေတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံမှာလဲ ကချင် ပြည်သူ လူထုတစ်ရပ်လုံးက လိုလားနေတဲ့ ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အခန်း ကဏ္ဍတစ်ခု အနေနဲ့ရှိနေတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်တဲ့ ပဋိပက္ခ ကေအိုင်အို၊ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး ရသွားပြီဆိုတာနဲ့ ကျန်တဲ့တိုင်းရင်းသား အားလုံးနဲ့ ငြိမ်းချမ်းရေး ယူပြီးသားဖြစ်သွားပြီဖြစ်တဲ့အတွက် နိုင်ငံရေးအရ
ဆွေးနွေးဖို့ အတွက် ခြေလှမ်းကို နောက်တစ်ဆင့်ကို တည်ဆောက်သွားနိုင်မှာ ဖြစ်တယ်။ မြန်မာနိုင်ငံသမိုင်းမှာ တိုင်းရင်းသားပေါင်းစုံ အကုန်လုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ခြေလှမ်းကို လှမ်းနိုင်ဖို့က ကချင်ပြည်နယ် ပဋိပက္ခက အရေးကြီးဆုံး ဖြစ်နေတယ်။
ကချင်ပြည်သူတွေ ကိုယ်စားပြောချင်ရင်ဘာများ ပြောချင်ပါသလဲရှင်။
အစိုးရကလည်း ပြည်သူလူထုအတွက်လို့ ပြောတယ်။ ကေအိုင်အိုကလဲ တိုင်းရင်းသား ပြည်သူတွေရဲ့အခွင့်အရေးနဲ့ တိုင်းရင်းသား ပြည်သူလူထုအတွက်လို့ ပြောတယ်။ နှစ်ဖက်စလုံးက တိုင်းရင်းသား ပြည်သူလူထုအတွက် လုပ်ဆောင်တယ်၊ ကြိုးစားတယ်လို့ပြောတယ်။ အမှန်တကယ် တိုင်းရင်းသား ပြည်သူလူထုအတွက် ပြောတဲ့အတိုင်း ဟုတ် မှန်ရင် ပြည်သူလူထုတွေ လိုလားတဲ့ တရားမျှတတဲ့၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးပါလို့
ပြောချင်တယ်။
Cr=>>
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !