မြန်မာပြည်မြောက်ပိုင်း ကချင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ပိုမို အရှိန်မြင့်လာသောကြောင့် ဒေသခံပြည်သူ ၃ သောင်းခန့် တို့မှာ စစ်ပြေးဒုက္ခသည်များအဖြစ် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။
ထိုတိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံတကာကလည်း ဝေဖန်ပြောဆိုမှုများ ရှိလာနေသည်။ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က မကြာသေးခင်ကပင် ကချင်ဒေသရှိ ပြည်သူများအား နိုင်ထက်ကလူမပြုရန် မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။
တိုင်းရင်းသားဒေသများတွင် စစ်ပွဲများ ဖြစ်ပွားနေခြင်းက မြန်မာအစိုးရအတွက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် အာဆီယံဥက္ကဋ္ဌ ရာထူးနေရာ လွှဲပြောင်းရယူရေးတွင် ကြီးမားသည့် ခလုတ်ကန်သင်းတခု ဖြစ်နေစေသည်။
စစ်ဆိုသည်မှာ မည်သည့် တစုံတယောက်အတွက်မျှ အကျိုးမရှိသည့်အပြင် တိုက်ပွဲတွင် ပါဝင်သူ နှစ်ဦးနှစ်ဘက် သေကြေပျက်စီးကြရ ရုံမျှမက မြေဇာပင်အဖြစ် ဒေသခံ ပြည်သူလူထုပါ ဒုက္ခနှင့် ရင်ဆိုင်ကြရသည် မဟုတ်ပါလား။
ထို့အပြင် စစ်အသုံးစရိတ် ဖြည့်တင်း ကြရသောကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး စသည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် သုံးရမည့် ငွေများ လျော့ပါးကာ နောက်ဆုံး၌ တိုင်းပြည်လိုငွေ ပြပြီး အကျပ်အတည်းနှင့် ရင်ဆိုင်ကြရတော့သည်။
ထို ပြဿနာမှာ ကမ္ဘာနှင့်အဝန်း စစ်ဖြစ်ပွားရာ နိုင်ငံတိုင်း ရင်ဆိုင်ရသည့် ပြဿနာ တရပ်ဖြစ်သည်။
ကမ္ဘာ့ထိပ်သီး အမေရိကန်နိုင်ငံကို ကြည့်မည်ဆိုလျင်ပင် စစ်အသုံးစရိတ်များတွင် ပိုမိုဖြည့်တင်းနေရ သောကြောင့် အစိုးရ အသုံးစရိတ် လိုငွေပြကာ စီးပွားကျဆင်းမှုကို ရင်ဆိုင်နေရပေသည်။
စစ်ပွဲများတွင် စီးပွားဖြစ်သွားသူဟူ၍ လက်နက် ကုန်သည်များနှင့် လက်နက်ကုမ္ပဏီများသာ ရှိမည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည်လည်း လွတ်လပ်ရေးရပြီးချိန် အမျိုးသား စိတ်ဝမ်းကွဲပြားရာမှ နိုင်ငံရေးနည်းဖြင့် အဖြေမရှာဘဲ လက်နက်ကိုင် နည်းဖြင့်သာ အဖြေရှာခဲ့ရင်း အကြမ်းဖက်မှု၊ လက်စားချေမှု သံသရာ ဝဲဂယက်တွင် တဝဲလည်လည်နှင့် ယနေ့တိုင် အဆုံးမသတ်နိုင်သေးပေ။
နှစ် ၆၀ ကျော် ကြာမြင့်ခဲ့သည့် မြန်မာပြည်တွင်းစစ်အတွင်း နှစ်ဘက် သွေးမြေကျခဲ့ရသူများ၊ မြေဇာပင် ဖြစ်ခဲ့ရသည့် ပြည်သူလူထု၏ အသက်များမှာ စာရင်းမရှိသောကြောင့်သာ အတိအကျ မပြောနိုင်သော်လည်း သိန်းနှင့်ချီ၍ ရှိနေ နိုင်ပါသည်။
နှစ်ပေါင်းများစွာ စစ်အင်အား ဖြည့်တင်းရန် လုံးပမ်းနေရသည့်အတွက် မြန်မာပြည်၏ စီးပွားရေး၊ လူမှုရေး အပါအဝင် ကဏ္ဍအသီးသီး ချွတ်ခြုံကျ ခဲ့ရပြီးဖြစ်သည်ကို မျက်မြင်ခံစားနေကြရပြီ ဖြစ်သည်။
နှစ်ဘက်သေကြေ ပျက်စီးခဲ့ရ သူများကို ကြည့်မည်ဆိုလျှင်လည်း တိုင်းပြည်၏ ရတနာ၊ တန်ဖိုးထားစရာ လူငယ်များ အဓိက ပါဝင်နေသည်ကို တွေ့ရပေလိမ့်မည်။
ပြည်တွင်းစစ်၏ နောက်ဆက်တွဲ ခါးသီးသော အကျိုးဆက်များဖြစ်သည့် ကလေးစစ်သား စုဆောင်းမှုများ၊ စစ်ပွဲအတွင်း အမျိုးသမီးများအား အဓမ္မ ကျင့်ကြံမှုများ၊ ပေါ်တာဆွဲကာ လူသားဒိုင်းအဖြစ် စစ်ပွဲတွင် အသုံးချမှုများ စသည့် လူမဆန်သည့် ဖြစ်ရပ်များက တိုင်းပြည်အတွက် အလွန် ရှက်စရာကောင်းသော ဖြစ်ရပ်များပင်။
အကယ်၍ သမ္မတ ဦးသိန်းစိန် အစိုးရ ရည်မှန်း ထားသကဲ့သို့ ကမ္ဘာ့အလယ်တွင် မြန်မာပြည်အား ဂုဏ်သိက္ခာရှိစွာ ခေါင်းမော့ စေချင်သည်ဆိုလျှင် ပြည်တွင်းစစ်ကို ချက်ချင်း ရပ်စဲရမည်။
အပစ်အခတ် ရပ်စဲပြီးလျှင် နိုင်ငံရေးနည်းအရ အဖြေရှာရန်အတွက် နှစ်ဦးနှစ်ဘက် ယုံကြည်မှု တည်ဆောက်ရမည်။ အာဃာတများ ခဝါချကာ နှစ်ဘက်စလုံးက လက်ခံနိုင်မည့် အခြေခံကောင်းများ အုတ်မြစ်ချနိုင်ရေးအတွက် နည်းလမ်း ကောင်းများကို ရှာဖွေရ ပေလိမ့်မည်။
အပြောင်းအလဲကို လိုလားသည်ဆိုသည့် ယခု အစိုးရသစ်သည် နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်က ပေးခဲ့သည့် အမွေဆိုးများအပေါ် သင်ခန်းစာယူသင့်ပြီ။ နှစ်ဘက် အကျိုးမရှိသည့် တိုက်ပွဲများကို ရပ်စဲရေးအတွက် အင်အားကြီးသူ ဘက်က သဘောထားကြီးပြခြင်းဖြင့် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး ကြေညာခြင်းက အသင့်လျော်ဆုံးဟု ယူဆသည်။
ပြည်တွင်းစစ်ပွဲအား မရပ်စဲနိုင်ပါက တိုင်းပြည် ထူထောင်ရေးကို တမျိုးသားလုံး ညီညီညွတ်ညွတ် စတင်နိုင်မည် မဟုတ်ဘဲ တိုင်းရင်းသား ညီနောင်သားချင်းတို့မှာလည်း ခါးသီးသည့် စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်များကို ခံစားရင်း ဆက်လက်၍ လူလုံးမလှ ဖြစ်နေကြရတော့မည်ဟုသာ တင်ပြလိုက် ရပါသည်။

- ကောင်းလိုက်တာ.. ဖြစ်သင့်နေတာကြာပါပြီ.. များများရေးပေးပါ..thanks..လေးစားပါတယ်..
-
-
-
-
-