လယ်သမား တွေနဲ့ ကုမ္ပဏီကြီးတွေ ပူးပေါင်းလုပ်ဆောင်ရာမှာ လယ်သမားတွေ  လယ်ယာမြေဆုံးရှုံးနေကြရတာကို ထိန်းသိမ်း ကြီးကြပ်ပေးဖို့၊  လယ်သမားတွေရဲ့ လယ်ယာမြေတွေကို ကုမ္ပဏီတွေက  သိမ်းယူခွင့်မရှိစေရေးအဆိုကို တနင်္လာနေ့က ပြုလုပ်တဲ့  အမျိုးသားလွှတ်တော် အစည်းအဝေးက ပယ်ချလိုက်ပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆွေအောင်က ဒဂုံမြို့သစ်  မြို့နယ် သုံးခုအတွင်းမှာ လယ်သမားတွေရဲ့ လယ်တွေကို ကုမ္ပဏီတွေက  သိမ်းယူထားတဲ့အပေါ် ပြန်လည် ကြီးကြပ်သုံးသပ်ပေးဖို့  တင်ပြခဲ့တဲ့အဆိုကို လယ်ဆည် ဒု- ဝန်ကြီး ဦးခင်ဇော်က ပြန်လည်ရှင်းလင်း  ဆွေးနွေးခဲ့ပါတယ်။
လယ်ဆည်  ဒု-ဝန်ကြီးရဲ့ ရှင်းလင်းတင်ပြချက်တွေအရ လယ်ယာမြေတွေဟာ  မြို့ပြဖွံ့ဖြိုးရေးအတွက် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအရ  လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သိမ်းခဲ့တဲ့ လယ်တွေဖြစ်ပြီး  မြို့ပြဖွံ့ဖြိုးရေး မလုပ်နိုင်လို့ ကုမ္ပဏီ ၁၆ ခုကနေ အထူး  လယ်ယာစိုက်ပျိုးရေးဇုန်တွေလုပ်တဲ့ ကိစ္စလည်းဖြစ်တယ်။ ဒါကြောင့်  လယ်ယာလုပ်ပိုင်ခွင့် ဆုံးရှုံးခြင်းကိစ္စနဲ့ မဆိုင်ဘူးဆိုပြီး  လွှတ်တော်ဥက္ကဋ္ဌက ပယ်ချခဲ့ပါတယ်။
ဒဂုံမြို့သစ်  သုံးမြို့နယ်တွင်းက လယ်ဧကပေါင်း ခြောက်သောင်းကျော်ကို  မြို့ပြဖွံ့ဖြိုးရေး ပြုလုပ်ဖို့ဆိုပြီး ၁၉၈၉ ခုနှစ်က  သိမ်းယူခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာ စိုက်ပျိုးရေး အထူးဇုန်လုပ်ဖို့အတွက်  ကုမ္ပဏီ ၁၆ ခုကို လယ်ဧကတသောင်းလောက် လုပ်ကွက်ချထားပေးခဲ့တာပါ။
အခုတော့ လွှတ်တော်က ဒီကိစ္စဟာ လယ်သိမ်းတဲ့ကိစ္စမဟုတ်ဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။
ဒဂုံမြို့သစ် နေ လယ်သိမ်းခံရတဲ့ လယ်သမားတွေအရေး လိုက်လံ ဆောင်ရွက်ပေးနေတဲ့  ရှေ့နေ ကိုဖိုးဖြူကတော့ ဝန်ကြီးဌာနတွေက လွှတ်တော်ထဲမှာ  လိမ်လည်နေတယ်လို့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။
ရှေ့နေ ကိုဖိုးဖြူကို ဆက်သွယ်မေးမြန်းချက်။မ နေ့က လွှတ်တော်မှာ လယ်ဆည် ဒုဝန်ကြီးက ဒဂုံမြို့သစ် သုံးမြို့နယ်မှာ သိမ်းထားတဲ့ လယ်တွေက ရန်ကုန်တိုင်း ဒေသကြီးကလည်း လျော်ကြေးတွေပေးပြီးပြီ။ ဒီလယ်တွေက စီမံကိန်းဝင် လယ်တွေပေါ့။ ကုမ္ပဏီတွေက လုပ်တဲ့သူလည်းရှိတယ်၊ မလုပ်တဲ့သူလည်းရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်ပေးဖို့အကြောင်းမရှိဘူးလို့ ပြောလိုက်ပြီ။ အဲဒါနဲ့ပတ်သက်ပြီး ကိုဖိုးဖြူတို့ လယ်သမားအရေး လုပ်တဲ့သူတွေအနေနဲ့ ဘယ်လိုမြင်လဲ။

 ရှေ့နေကိုဖိုးဖြူ
“ပထမဆုံး ပြောချင်တာတော့ တစ်အချက်က တရားမျှတမှု လုံးဝကင်းမဲ့နေတယ်လို့  ပြောချင်ပါတယ်။ ဒုတိယတချက်ကတော့ ဥပဒေနဲ့  လုံးဝညီညွတ်ခြင်းမရှိပါဘူးလို့ ပြောချင်ပါတယ်။ နောက်တချက်ကတော့  အကြောင်းအချင်းအရာ တင်ပြချက်တွေက မမှန်ကန်ပါဘူးလို့  ကျနော်ပြောချင်ပါတယ်။ အဲတော့ ပထမဆုံးအချက်အနေနဲ့  ကျနော်ပြောချင်တယ်။
“တရားမျှတမှု  လုံးဝမရှိဘူးဆိုတာက အစိုးရမြို့ပြအိမ်ရာ၊ အစိုးရရုံးစိုက်ရာနေရာမှာ  မြို့ပြအိမ်ရာပြုလုပ်ဖို့အတွက် ဒီလယ်မြေတွေကို (လန- ၃၉)  နိုင်ငံပိုင်ပြုလုပ်တဲ့ ဥပဒေ ၃၉ အရ ဒါတွေကို သတ်မှတ်လိုက်တာ။  တကယ်တမ်းကျတော့ ဒီပေါ်မှာဆောက်လုပ်မယ့်ဟာကို နေပြည်တော်မှာပဲ  ဆောက်လုပ်ဖြစ်သွားတယ်။ ဒီလယ်မြေတွေဟာ လန-၃၉ လုပ်ထားတယ်ဆိုတဲ့  နေရာတွေဟာ တစ်အချက် တောင်သူလယ်သမားတွေ  စိုက်ပျိုးနေတဲ့နေရာတွေဖြစ်တယ်။ အဲတော့ တကယ်တမ်း အစိုးရ  အိမ်ရာလုပ်မှာလည်း မဟုတ်ဘဲနဲ့ လုပ်ဖို့အတွက်လည်း  အစီအစဉ်မရှိတော့ဘူးမှန်း သိလျက်နဲ့ ဒါကြီးကို အိုးအိမ်က  ဆက်ယူထားတယ်။ နောက်တခါ ယခင်တိုင်းမှူးကနေ ဆက်လက်ယူထားပြီးတော့  ဒါကိုနိုင်ငံတော်က စိုက်ပျိုးရေးစီမံကိန်း နေရာလုပ်ပါတယ်။  ကုမ္ပဏီကိုပေးလိုက်ပါတယ်ဆိုတာ တောင်သူတွေလက်ငုပ်လုပ်နေမှန်းကို  သိလျက်နဲ့ ကုမ္ပဏီတွေလုပ်ခွင့်ရအောင် လုပ်ပေးလိုက်တာကတော့  မျှတမှုလုံးဝမရှိပါဘူး။
“ဒုတိယအချက်က တော့ ဥပဒေနဲ့လုံးဝ မညီညွတ်တဲ့ကိစ္စကို ပြောပါမယ်။ မူလတောင်သူတွေဆီက  ပဋိညာဉ်ခံပြီး၊ အာမခံပြီး နောက်ပြီးတော့  စာချုပ်စာတမ်းနဲ့မဟုတ်တောင် စာချုပ်စာတမ်းဥပဒေအရ အာဏာသက်ဝင်သကဲ့သို့  ပဋိညာဉ်ဥပဒေအရ အာဏာသက်ဝင်သကဲ့သို့ ကမ်းလှမ်းချက်တွေရှိတယ်။ အဲဒါက  အကျိုးတူလုပ်မယ်ဆိုတဲ့ကမ်းလှမ်းချက်တွေရှိတယ်။ တယောက်နဲ့တယောက်  အတူတူ လုပ်ကြမယ်။ လိုအပ်တဲ့ စွမ်းအားစုတွေကုမ္ပဏီက ဖြည့်ပေးမယ်။  တောင်သူလယ်သမားတွေက အကျိုးတွေကို ခံစားရမယ်ဆိုတာမျိုးကို  ပဋိညာဉ်လုပ်ပြီး ဒီလိုပဋိညာဉ်ကမ်းလှမ်းချက်ကို သဘောတူလို့သာလျှင်  တောင်သူလယ်သမားတွေကလည်း သဘောတူခဲ့ပြီး တဲတွေဖယ်ပေးတယ်၊  ရွှေ့ပေးတယ်။ အတူတူ တကယ်လုပ်လည်းလုပ်ရော ရှုံးတယ်ဆိုပြီတော့  တောင်သူကို မဖြစ်စလောက်ငွေကြေးလေးပေးပြီး နှင်ထုတ်လိုက်တယ်။  ဒါကတော့ ဥပဒေနဲ့လုံးဝမညီညွတ်တဲ့ကိစ္စ။
“တတိယ  တချက်ကတော့ အချက်အလက်လွှဲမှားတာတွေ။ ဘယ်ကုမ္ပဏီမှ  အပြည့်မစိုက်နိုင်ဘူး။ ဘယ်ကုမ္ပဏီမှလည်း စပါးတင်းတွေကို  တောင်သူလယ်သမားတွေ ထွက်သလိုထွက်အောင် စိုက်ပျိုးနိုင်တာမျိုးကိုလည်း  မလုပ်နိုင်ဘူး။ တကယ့်နည်းပညာတွေလည်း ရောက်လာတာမျိုး မရှိသလို  တကယ့်စိုက်ပျိုးတဲ့ အတတ်ပညာနဲ့ ပတ်သက်လို့လည်း ဘာမှမရှိဘူး။  ကုမ္ပဏီတွေရောက်လာတဲ့အတွက် လယ်ယာမြေတွေဟာ ဓာတုဓာတ်မြေဩဇာ သုံးလို့  လယ်မြေပျက်စီးတာပဲ ရှိတယ်။ တောင်သူတွေထမင်းငတ်သွားတယ်။  အလုပ်လက်မဲ့တွေဖြစ်သွားတယ်။ လယ်ငှားလုပ်သားတွေ အလုပ်လက်မဲ့တွေ  ဖြစ်ကုန်တယ်။ မိသားစုတွေ ဘဝတွေဒုက္ခရောက်ကုန်တယ်။ ဖွံ့ဖြိုးလာတယ်။  တိုးတက်လာတယ်ဆိုတဲ့ လယ်ဆည်ဒုဝန်ကြီးက လွှတ်တော်မှာ  ဖြေရှင်းသွားတဲ့အချက်ဟာ မှားယွင်းပါတယ်။ ဒါကြောင့်မို့လို့  ပြည်သူတရပ်လုံးကို ကျနော်ပြောချင်ပါတယ်။ တောင်သူလယ်သမားထု  တရပ်လုံးကို ပြောချင်ပါတယ်။ ဝန်ကြီးဌာနတွေက လွှတ်တော်မှာ  လိမ်လည်နေတယ်။ ကျနော်တို့ပြည်သူတွေက သတင်းစာတွေကနေ  အညံ့ခံနေလို့မရဘူး။ ကိုယ့်အားကိုယ်ကိုးပြီးတော့  ဝိုင်းချရတော့မယ်၊ ကိုယ့်ဟာကို ကြိုးစားရတော့မယ်။  ရုန်းကန်ရတော့မယ်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရတော့မယ့်အချိန်ကို  ရောက်နေပြီလို့ ကျနော်ပြောချင်ပါတယ်။”
သူတို့ ရဲ့ဖြေရှင်းချက်ထဲမှာဘာပါသလဲဆိုတော့ လယ်သမားတွေအတွက်လည်း  လယ်ယာမြေနဲ့ပတ်သက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့  ပြင်ဆင်ရေးဆွဲနေပါတယ်ပေါ့။ ဒီတောင်သူလယ်သမား အကျိုးအတွက်  တကယ်ရှိသင့်တဲ့ လယ်ယာမြေဥပဒေတွေက ဘယ်လိုမျိုး အခုချိန်မှာ  ရှိနေသင့်ပြီဆိုတာလဲ ပြောပြပေးပါဦး။“ တောင်သူလယ်သမားတွေမှာ ဥပဒေမဲ့လယ်ယာလက်လွတ် ဆုံးရှုံးနေရတဲ့  ကိစ္စရပ်တွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ့်  ဥပဒေကြောင်းအရလည်း ဖြေရှင်းရမယ်။ သင့်တင့်လျောက်ပတ်တဲ့  လုပ်ထုံးလုပ်နည်းတွေကို ပြဋ္ဌာန်းပေးနိုင်တဲ့ အခြေအနေပေါ်ပေါက်ဖို့  လိုအပ်နေပါတယ်။”
ကိုဖိုး ဖြူက လယ်သမားအရေး ဆောင်ရွက်နေတဲ့သူဆိုတော့ လယ်သမားတွေနဲ့  ပတ်သက်ပြီး အဲဒီကိစ္စကို ဆက်ပြီးဘယ်လိုဆောင်ရွက်သွားမလဲ။  ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမယ်ဆိုတာကို ပြောပြပေးပါခင်ဗျ။“ကုမ္ပဏီ ပေါင်းမြောက်မြားစွာ မြန်မာနိုင်ငံမှာ ရှိပါတယ်။ အာဏာပိုင်နဲ့  လက်ဝါးရိုက်ပြီးတော့ တောင်သူတွေဆီကနေ ဥပဒေမဲ့ တရားလက်လွတ်  ဒီလိုသိမ်းယူတဲ့ ကုမ္ပဏီပေါင်း မြောက်မြားစွာရှိတယ်။  မြန်မာနိုင်ငံတဝှမ်းလုံး ခံစားနေကြရတယ်။ ပြောတော့  စက်မှုဒေသဖွံ့ဖြိုးရေး ဆိုတဲ့ကိစ္စမျိုးကို ပြောတယ်။ တကယ်တမ်း  ဥပဒေတွေလည်းဖွံ့ဖြိုးတာမဟုတ်ဘူး။ စက်မှုတွေလည်း  ဖွံ့ဖြိုးတာမဟုတ်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နေရတယ်။  လယ်ယာမြေတွေကို ဥပဒေမဲ့ လက်လွတ်ဆုံးရှုံးခြင်းတွေ မဖြစ်ပေါ်ရအောင်  မူဝါဒအရကို ပြည်ထောင်စုလွှတ်တော်ကနေ အကာအကွယ်ပေးနိုင်တဲ့  ဥပဒေပြဋ္ဌာန်းချက်မျိုးတွေ ဖြစ်ပေါ်လာအောင် မူအရကို  ကာကွယ်ပေးလာနိုင်အောင် ကျနော်တို့ ဆက်လက်ကြိုးစားရပါဦးမယ်။  ကြိုးစားမှသာလျှင် နိုင်ငံတဝန်းလုံးမှာရှိတဲ့ ပြည်သူတရပ်လုံး။  တောင်သူလယ်သမားထုတရပ်လုံးကို အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။”













0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !