ချင်းမိုင်(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ် မူဆယ်ခရိုင်အတွင်း မြန်မာအစိုးရဘက်မှ နယ်မြေရှင်းလင်းစဉ် သိမ်းဆည်း ရမိသော မူးယစ်ဆေးဝါးများမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ပိုင်များ ဖြစ်သည်ဆိုခြင်းကို မဟုတ်မှန်ကြောင်း KIO က ငြင်းဆိုလိုက်ပြီး အစိုးရက နှောက်ယှက်၍ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းများ မလုပ်နိုင်ဘဲ ရှိသည်ဟု ပြန်လည် စွပ်စွဲလိုက်သည်။
အင်္ဂါနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် အောက်တိုဘာ ရှစ်ရက်နေ့က အစိုးရစစ်တပ်ဖွဲ့မှ မူဆယ်မြို့
နယ် တက္ကနိုင်းရွာ အရှေ့တောင်ဘက်ရှိ ပေ ၆ဝ ပတ်လည် သွပ်မိုးအုတ်ကာ အဆောက်အအုံတွင် လက်နက်များနှင့် KIA အဖွဲ့မှ တပ်ကြပ်အဆင့် တံဆိပ်ပါ ယူနီဖောင်း တစုံအပါအဝင် စိတ်ကြွဆေးပြား ၁,ဝ၂ဝ ပြားနှင့် အနီးရှိ အဆောက်အအုံ တခုတွင်လည်း စိတ်ကြွမူးယစ်ဆေးပြား ၅၂၁,၃၄ဝ နှင့် ဆေးပြာရိုက်စက် တလုံး၊ ဆေးပြားရိုက်ခုံ
လေးခုတို့အပါအဝင် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသည်ဟု ပါရှိသည်။
“မူးယစ်ဆေးဝါးကို ဟန်ပြဖမ်းဆီးတယ်။ ပြီးတော့ ပိုက်ဆံပြန်တောင်းပြီးတော့ ပြန်လွတ်ပေးတာမျိုးတွေ အမြဲတမ်း လုပ်တဲ့ ဒေသပါ၊ ကျနော်တို့ နယ်မြေမဟုတ်ဘူး” ဟု KIO တပ်မဟာ ၄ တာဝန်ခံ ဦးဇောင်ရော်က ပြောသည်။
အပစ်ခတ်ရပ်စဲစဉ်ကာလဖြစ်သော၂ဝဝ၆ ခုနှစ်က အဆိုပါဒေသတွင် KIO အဖွဲ့မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရန် လုပ်ဆောင်သည်ကို ဆက်ကြေးကောက်ခြင်း၊ စစ်သားသစ် စုဆောင်းခြင်း စသည့်တို့ပြုလုပ်သည်ဆိုကာ အစိုးရ
ဘက်မှ တားမြစ်ခဲ့သည့်နောက်ပိုင်း ယင်းဒေသများသို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဝင်ရောက်ခြင်း မရှိတော့ကြောင်းလည်း ပြန်လည်တုံ့ပြန်သည်။
ကွတ်ခိုင်မြို့ အခြေစိုက်ထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ လျှောက်ဟော- Shau Haw
ပြည်သူ့စစ်အဖွဲ့နှင့် လုံထန်- Lon Htang ပြည်သူ့စစ်အဖွဲ့များမှ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေသည်ဟု ဦးဇော်ရော်က စွပ်စွဲလိုက်သည်။
တက္ကနိုင်းကျေးရွာတွင် အထွေထွေ အုပ်ချုပ်ရေးရုံး၊ မီးသတ်တပ်ဖွဲ့ ရုံးစိုက်ထားပြီး ထိုပြည်သူ့စစ်အဖွဲ့များသည် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ဟုဆိုသည်။ သို့သော် KIO အဖွဲ့၏ ဆေးပေးခန်းနှင့် မူလတန်းကျောင်းတကျောင်းကို ဖွင့်လှစ်ထားသည်။
တရုတ်လူမျိုးများ ပါဝင်သော အဆိုပါ ပြည်သူ့စစ်အဖွဲ့များသည် ယခင်က ဘိန်းစိုက်ပျိုးသည့် အဖွဲ့များဖြစ်ပြီး အစိုးရ ဘက်မှ KIO အဖွဲ့ကို ယခင်က ကိုးကန့်အဖွဲ့ကဲ့သို့ ဖြိုခွင်းရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ်
မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
ထို့အပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အစိုးရအာဘော် သတင်းစာတွင် ပါရှိသော စက်တင်ဘာ ၂၁ ရက်နေ့က ကချင်တပ်ဖွဲ့က မူဆယ်မြို့ တီးမားရဲဘက်စခန်းကို ဝင်ရောက်စီးနင်းအပြီး ရဲနှင့်အကျဉ်းဦးစီးဝန်ထမ်း ခြောက်ဦးနှင့် ရဲဘက်အကျဉ်းသား ၅၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ မဟုတ်
မှန်ဘဲ ထိုနေ့တွင်ပင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သေနတ်ရှစ်လက်သာ သိမ်းဆည်းခဲ့ကြောင်းလည်း
ပြောသည်။
KIO ကို မူးယစ်ဆေးဝါး ထုတ်လုပ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ထိုးစစ်ဆင်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်
သည်ဟု ဦးလနန်က သုံးသပ်သည်။
၂ဝဝ၉ ခုနှစ် သြဂုတ်လအတွင်းက ဖုန်ကြားရှင် ခေါင်းဆောင်သော NMDAA ကိုးကန့်တပ်ဖွဲ့ကို မြန်မာအစိုးရတပ်များ
က မူးယစ်ဆေးဝါးရှာဖွေရန် ဝင်ရောက်စီးနင်းခဲ့ရာမှ ဦးဖုန်ကြားရှင်မှာ ထွက်ပြေးတိမ်းရှောင်သွားရပြီး သူ၏ တပ်ဖွဲ့ လည်း ပြိုကွဲသွားခဲ့သည်။
မြန်မာအစိုးရ တပ်ရင်း ၁ဝ ရင်းခန့်မှ အင်အား ၁,၆ဝဝ နီးပါး KIO လှုပ်ရှားနေသော နယ်မြေအတွင်း ရောက်ရှိ
နေပြီး ပျောက်ကြားတိုက်ပွဲများ ယနေ့ထိ ဖြစ်ပွားနေသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁ တပ်ရင်းတပ်ဖွဲ့ အင်အား ၁ဝဝ ခန့်
သည် တရုတ်- မြန်မာနယ်စပ် မိုင်ဂျာနယ်မြို့အနောက်ဘက် မိုင် ၂ဝ အကွာရှိ မြန်မာအစိုးရ တပ်ရင်း ၃၂၁ ၏
ရှေ့တန်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဦးဇော်ရော်က ပြောသည်။
ရန်ကုန်မှလာသော စစ်ဘက်သတင်းတရပ်တွင် အစိုးရတပ်အင်အား နှစ်ရာခန့်က KIO ၏ လွယ်ဂျယ် တပ်စခန်း ဒုတိယစည်းရိုးအတွင်း ဝင်ရောက်မိပြီး ဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း ဦးလနန်က ငြင်းဆန်လိုက်ပြီး KIO က အစိုးရတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းသာ ဖြစ်သည်
ဟု ဆိုသည်။
“အစိုးရဘက်က ပစ်တာမဟုတ်ဘူး။ ဒီမနက် ၆ နာရီလောက်ကနေ ညနေ ၄ နာရီ ၅ နာရီထိ ပစ်ခတ်ခဲ့တယ်။ ကျနော်တို့ဘက်က စခန်းသိမ်းထိုးစစ်လုပ်တာ”ဟု ပြောသည်။

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !