၂၀၁၄ မှာ မြန်မာကို အာဆီယံဥက္ကဋ္ဌ တာဝန်ပေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူထားပေမယ့် တရားဝင် ဆုံးဖြတ်ချက်ကိုတော့ ထွက်မလာသေးပါဘူး။

ဒေါ်ခင်ဥမ္မာ
ဒီအခြေအ နေမှာ မြန်မာအာဆီယံဥက္ကဋ္ဌဖြစ်ခြင်းဟာ မြန်မာနိုင်ငံနဲ့ပြည်သူတွေအတွက် ဘာတွေ အကျိုးရှိမလဲဆိုတာနဲ့ပတ်သက်လို့အင်ဒိုနီးရှားမှာ ကျင်းပမယ့် အာဆီယံ လူထုအခြေပြု အဖွဲ့တွေရဲ့အစည်းအဝေးပွဲကို တက်ရောက်မယ့် Burma Partnership ခေါ် မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာကို ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူခြင်းမယူခြင်း ကိစ္စက မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲအတွက် ဘာတွေများထူးခြား သက်ရောက်မှု ရှိမယ်လို့ ထင်ပါသလဲ။
“အာဆီယံက တကယ်လို့သာ ဥက္ကဋ္ဌပေးဖို့ ဆုံးဖြတ်ချက်ကို အဆောတလျင်သာ ချလိုက်မယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ဖို့အတွက် သွားမယ့်နှုန်းက စိတ်ပူစရာ ဖြစ်ပါတယ်။ ကျမမြင်တာကတော့ တကယ်တမ်း အာဆီယံဟာ အခုလိုမျိုး ဆုံးဖြတ်ချက်ကို မချသေးဘဲနဲ့ ထပ်ပြီးတော့မှ စောင့်ကြည့်ဖို့ လိုသေးတယ်လို့ မြင်တယ်။ အထူးသဖြင့်တော့ ဦးသိန်းစိန်အစိုးရဟာ တကယ်တမ်း ဘယ်လောက်အထိ ပေးနေတဲ့ ကတိတွေကို ဘယ်လောက် အမှန်တကယ် လက်တွေ့ အကောင်အထည်ဖော်နိုင်သလဲဆိုတဲ့ ဥစ္စာက အချိန်က အရမ်းကို စောလွန်းနေတယ်။
“အခုကာလဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲဖြစ်ဖို့အတွက် အခြေခံလိုအပ်ချက်မှာ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့၊ ပြည်တွင်းစစ်ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ဥစ္စာက လက်တွေ့အခြေအနေမှာ မဖြစ်နေသေးတဲ့ အနေအထားမျိုး ဖြစ်တော့ အာဆီယံအနေနဲ့ တကယ်လို့သာ အဆောတလျင်သာ ဆုံးဖြတ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရဆီမှာက တကယ်တမ်း စစ်ခေါင်းဆောင်တွေကသာလျှင် နိုင်ငံရဲ့ အာဏာကို ချုပ်ကိုင်ထားနေသေးတယ်ဆိုတာကို ကျမတို့ တွေ့နေရတယ်လေ။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲဖြစ်ဖို့အတွက်ကို လိုအပ်တဲ့ အပြောင်းအလဲတွေကို မဖြစ်ခင်မှာ သူတို့ပေးလိုက်လို့ရှိရင် အာဆီယံက ကျန်ခဲ့တဲ့ ၁၄ နှစ်တုန်းက မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုလိုက်တုန်းကလိုပဲ အမှားကြီးတခုကို ကျူးလွန်တဲ့ဟာမျိုး ရောက်သွားနိုင်တယ်လို့။”
နောက် ကြောင်းပြန်ကြည့်မယ်ဆိုရင် ၂၀၀၆ တုန်းကဆိုရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်မလာသေးဘူးပေါ့။ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေလည်း မတွေ့သေးတဲ့အပေါ်မှာ အဲဒီတုန်းက လာအိုနိုင်ငံမှာ ၂၀၀၅ ခုနှစ်တုန်းက ဆုံးဖြတ်ခဲ့တာပေါ့နော်။ ၂၀၀၆ မှာ အာဆီယံဥက္ကဋ္ဌမယူဖို့၊ ဆိုင်းငံ့ထားဖို့ ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တာ။ အခုအချိန်မှာကျတော့ အဲဒီတုန်းက လိုအပ်ချက်တွေက ပြည့်မီလို့ အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ ဒီလို တာဝန်ပေးလိုက်တာလို့ ထင်လား။ ဘာကြောင့် မြန်မာကို ဥက္ကဋ္ဌတာဝန် ပေးဖို့ ဆုံးဖြတ်ဖို့ ဖြစ်လာတယ်လို့ ထင်လဲ။“ကျမမြင်တာက တော့ အရင်တခေါက်တုန်းက မပေးနိုင်တဲ့အနေအထားမျိုးမှာ မပြည့်စုံသေးတဲ့ အချက်တွေက အခုပြည့်စုံသွားလို့ ပေးဖို့စဉ်းစားတယ်ဆိုတာမျိုး လို့တော့ ကျမထင်ဘူး။ အရင်တုန်းက အခြေအနေဲ့ အခုအခြေအနေမှာ အပေါ်ယံကြည့်ရင် အမြင်မှာ ပြောင်းလဲတဲ့ဟာတွေတော့ ရှိတာပေါ့။ ဥပမာ နိုင်ငံရဲ့ နံပါတ်တစ်ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေ ရှိတဲ့အခြေအနေမျိုးကနေ အခုကတော့ စစ်ဗိုလ်ချုပ်မဟုတ်တော့ဘဲနဲ့ အရပ်သား ဖြစ်သွားတယ် ဆိုတဲ့ဥစ္စာမျိုးနဲ့ ဗိုလ်ချုပ်သိန်းစိန်က အရပ်သား ဝတ်စုံပြောင်းလိုက်တဲ့ကိစ္စလို၊ တစုံတရာ သတင်းမီဒီယာကို လွတ်လပ်ခွင့် ပေးလာတဲ့ဟာမျိုးတို့ စသည်ဖြင့် ဒီလိုကိစ္စမျိုးတွေကို ကြည့်လိုက်ပြီးတော့ သူတို့က အရင်တခေါက်က ထက်စာရင်တော့ နည်းနည်းတော့ သာပါတယ် ဆိုတာမျိုးတော့ တွက်နိုင်တာပေါ့။ သို့သော်လည်းပဲ နိုင်ငံတခုမှာ အခြေခံအကျဆုံး တည်ငြိမ်မှု ရှိခြင်းမရှိခြင်း၊ ငြိမ်းချမ်းမှု ရှိခြင်း မရှိခြင်း၊ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှု ဘယ်လောက်ရှိလဲ ဆိုတဲ့ဟာကို ကြည့်ရင်တော့ ကျမ မြင်တာက ၂၀၀၆ နဲ့ အခုကြားထဲမှာ ဘာမှ သိသိသာသာ ထူးထူးခြားခြား ကွာဟချက်ကို မတွေ့ရဘူး ဖြစ်တယ်လေ။”
မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူလိုက်ရလို့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက် ဘာများ အကျိုးရှိမယ်လို့ ထင်ပါသလဲ။ ဆိုလိုတာက ကောင်းကွက်လေး တခုခုလောက် ရှိမယ်လို့ မထင်ဘူးလားခင်ဗျ။“ကျမမြင်တာက တော့ တကယ်တမ်း ၂၀၁၄ မှာ ဒီ ဥက္ကဋ္ဌရသွားပြီဆိုရင်လည်း ကျမတို့ ပြည်သူတွေအနေနဲ့က အာဆီယံဥက္ကဋ္ဌဖြစ်ရခြင်းရဲ့ အထူးအခွင့်အရေး ဘယ်သူက ခံစားရမလဲ ဆိုရင်တော့ အုပ်ချုပ်သူ လူတန်းစားလို့ပဲ ကျမ မြင်ပါတယ်။ တကယ်တမ်းက ကျမတို့ ပြည်သူတွေရဲ့ အကျိုးခံစားခွင့် ဆိုတာက အုပ်ချုပ်သူက ပြည်သူရဲ့ အကျိုးအတွက်ကို လုပ်ပေးမှပဲ အဲဒီအကျိုးကရမှာကိုး။ ဆိုတော့ အာဆီယံဥက္ကဋ္ဌ ဖြစ်လိုက်ခြင်းအတွက်ကြောင့်မို့လို့ တကယ်တမ်း ရမယ့်အကျိုးကို ကြည့်လိုက်မယ်ဆိုရင် နိုင်ငံတကာကနေပြီးတော့မှ အစိုးရတွေ လာကြမယ်၊ နေပြည်တော်မှာ အစည်းအဝေးတွေ လုပ်ကြမယ်ဆို ဒါတွေကတော့ အစိုးရချင်း ဆက်ဆံရေး ဆိုတာကတော့ ဖြစ်မှာပေါ့။ အဲဒီနေရာမှာ နိုင်ငံအတွက်ရော တစုံတရာ ဂုဏ်မရှိဘူးလားလို့ ဆိုတော့ ကိုယ့်နိုင်ငံက တကယ်တမ်း ဒေသရဲ့ ဥက္ကဋ္ဌခေါင်းဆောင်နေရာမျိုးကို ယူခွင့်ရတယ် ဆိုလို့ရှိရင် ဒါ ကိုယ့်နိုင်ငံ ပြည်သူပြည်သားတွေအတွက် ဂုဏ်ယူစရာ တခုလို့တော့ ကျမတို့ မြင်ကြည့်လို့ ရတာပေါ့။ ဒါပေမယ့် အဲဒီလိုမျိုး ဂုဏ်ယူနိုင်ဖို့ ကိုယ့်ပြည်သူပြည်သားတွေက ဂုဏ်ယူနိုင်ဖို့ ခေါင်းထောင်နိုင်ရဲ့လား၊ ခေါင်းမော့နိုင်ရဲ့လား ဆိုတာကတော့ ခုနက အုပ်ချုပ်သူက ပြည်သူကို ဘယ်လိုမျိုး ခေါင်းမော့နိုင်အောင် လုပ်ပေးလဲ။ သူတို့ရဲ့ တကယ်တမ်းတွေ့နေတဲ့ လက်ရှိပြဿနာတွေကို ဘယ်လောက်အထိ ဖြေရှင်းပေးသလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။”
နောက်တခုက ဒေါ်အောင်ဆန်းစုကြည် မနေ့က သတင်းစာရှင်းလင်းပွဲမှာ အာဆီယံဥက္ကဋ္ဌဖြစ်ဖို့ အရေးထက် မြန်မာပြည်သူတွေရဲ့ ဘဝတွေ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ဖို့ အရေးကြီးတယ်ဆိုပြီး ပြောသွားတာပေါ့။ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဒီ အာဆီယံဥက္ကဋ္ဌမဖြစ်ရေး တောင်းဆိုနေတဲ့ သူတွေ အနေနဲ့ရော ဘယ်အရာက ပိုပြီးတော့ အရေးကြီးတယ်လို့ ထင်ပါသလဲ။“ကျမ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်ပြောတာကို ထောက်ခံပါတယ်။ ကျမတို့ ပြောပြနေတာ အဲဒါပါပဲ။ တကယ်တမ်းဆိုလို့ရှိရင် ဒီကာလမှာ ဦးသိန်းစိန်အစိုးရအတွက် အရေးကြီးဆုံးက ဘာဖြစ်သင့်လဲ။ ပြည်တွင်းမှာ ရှိတဲ့ ကိုယ့်ပြည်သူ ပြည်သားတွေရဲ့ စားဝတ်နေရေး ဘဝတွေ ကောင်းလာဖို့အတွက်ကို ဖြေရှင်းဖို့ အတွက်ကိုပဲ ကိုယ့်နိုင်ငံထဲမှာ ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းပြီးတော့မှ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းပြည်နိုင်ငံရေး တည်ငြိမ်မှုရရေး၊ ငြိမ်းချမ်းရေး ဒါတွေအတွက်ပဲ ကြိုးစားပြီး လုပ်ရမှာ။ ဒါမှ ၂၀၁၄ မှာ အတင်းကြီး ရအောင်လို့ လိုက်ပြီးတောင်းနေစရာ မရှိတာ။ ဒါကြောင့်မို့လို့ ကျမတို့ကလည်း အာဆီယံကို မပေးနဲ့လို့ ကျမတို့ မပြောဘူး။ ဒါပေမယ့် ပေးခြင်း မပေးခြင်း ဘယ်ဆုံးဖြတ်ချက်ကိုပဲ ဖြစ်ဖြစ် လောလောဆယ် မလုပ်ပါနဲ့ဦးလို့ ကျမတို့ ပြောတာ။”
နောက်ဆုံး အနေနဲ့ မြန်မာနိုင်ငံက လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍရော လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ ဘယ်လောက်အထိ ထင်ဟပ်မှု ရှိမလဲပေါ့နော်။ သူတို့ ဘယ်လောက်အထိ ပါဝင်ခွင့် ရှိမလဲ။“အာဆီယံရဲ့ ပြဿနာတခုက အာဆီယံထိပ်သီးအစည်းအဝေးပဲဖြစ်ဖြစ် တခြား အစည်းအဝေးတွေမှာပဲ ဖြစ်ဖြစ် ရှင်းရှင်းပြောရရင် သူတို့က အစိုးရ အစိုးရချင်း ဆက်သွယ်ပြီးတော့ပဲ လုပ်ကြတာ ကျမတို့ တွေ့ရတယ်လေ။ အစိုးရခေါင်းဆောင်တွေပဲ တွေ့ကြတယ်။ သူတို့ အလွန်ဆုံး ခွင့်ပေးလို့ရှိရင် အစိုးရ မျက်နှာသာပေးတဲ့၊ အစိုးရ ထောက်ခံတဲ့ NGO အဖွဲ့အစည်းတွေပဲ အစည်းအဝေးတွေထဲမှာ ပါဝင်ခွင့်၊ ပူးပေါင်းခွင့် ဒါမျိုးတွေ ပေးတာကိုး။ တကယ် လူထုကို အခြေပြုပြီးတော့မှ လွတ်လပ်တဲ့ အစိုးရတွေရဲ့ လုပ်ဟန်လုပ်နည်းတွေ အပေါ်မှာ မကြိုက်ရင် မကြိုက်တဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်ရှိတဲ့ ပြောနိုင်တဲ့ လူထုအခြေပြု အင်အားစုတွေကျတော့ ထိပ်သီးအစည်းအဝေးမှာပဲ ဖြစ်ဖြစ်၊ တခြားအစိုးရတွေ လုပ်တဲ့ သက်ဆိုင်ရာအစည်းအဝေးတွေမှာပဲ ဖြစ်ဖြစ် သူတို့ ပေးပါတာမျိုး မရှိပါဘူး။ ဒါဟာ ကျမတို့ အာဆီယံ လူထုအခြေပြု အင်အားစု တခုလုံးက ကြုံနေရတဲ့ စိန်ခေါ်မှုအကြီးကြီး တခုဖြစ်ပါတယ်။ ဆိုတော့ အခုလာမယ့် ထိပ်သီးညီလာခံ အစည်အဝေးမှာလည်း လူထုအခြေပြု အဖွဲ့အစည်းအတွေအတွက် နေရာဆိုတာ တကယ်တမ်း သူတို့ မရှိပါဘူး။ ကျမတို့ အခုတောက်လျှောက် ၄၊ ၅၊ ၆နှစ် ကြိုးစားကြတယ် ဆိုတာက လူထုအခြေပြု အဖွဲ့အစည်းတွေ ဘက်ကနေပြီးတော့သာ ကြိုးစားပြီးတော့မှ ကိုယ့်ရဲ့ ရပိုင်ခွင့်ရှိတဲ့ နေရာ။ ကိုယ်ရဲ့ ရပိုင်ခွင့်ရှိတဲ့ နေရာနဲ့ မြှင့်တင်နိုင်တဲ့ နေရာကို ကိုယ် ကြိုးစားပြီးတော့မှ ယူနေကြရတဲ့ အခြေအနေမျိုးပဲ ဖြစ်တယ်။ အစိုးရတွေဘက်က လမ်းဖွင့်ပေးတယ်ဆိုတာကတော့ အာဆီယံမှာ ကျမ မတွေ့ဘူးရှင့်။”
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !