ထိပ်ဆုံး သတင်း :
Home » » မြစ်ကြီးနား ဗုံးကွဲမှု ကလေး (၁၀) ယောက်ကျော် သေဆုံး

မြစ်ကြီးနား ဗုံးကွဲမှု ကလေး (၁၀) ယောက်ကျော် သေဆုံး

11/14/2011 07:44:00 PMတွင်ရေးသည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ် ကွက်တွင် ယမန်နေ့ညက ဗုံးတလုံး ပေါက်ကွဲခဲ့ရာ  ကလေး(၁၀) ယောက်ကျော် သေဆုံးခဲ့ပြီး လူ(၂၀) ကျော် ပြင်းထန်သည့် ဒဏ်ရာရခဲ့ သည်ဟု မြို့ခံများက ပြောသည်။

ယမန်နေ့ည (၈) နာရီ အချိန်ခန့်က အမက (၁၁)နှင့် ကားကြီးဝင်းအနီးရှိ ကချင် ဘင်ခရာ သင်တန်းကျောင်း ဖွင့်လှစ်ထားသည့် ဦးဒိန်ယောင် တန်ဂွန်း၏ အိမ်တွင် ပေါက်ကွဲခဲ့သည်ဟု အခင်းဖြစ်ပွားရာ နေရာသို့ သွားကြည့်ခဲ့သည့် မြို့ခံ မျက်မြင် တဦးက အခုလို ပြောသည်။
“ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရတာက လူလတ်ပိုင်းနဲ့ ကလေးငယ်တွေချည်းပဲ အယောက်(၂၀) ကျော် လောက်က အခု မြစ်ကြီးနား ပြည်သူ့ဆေးရုံမှာ ရောက်နေတယ်။ နောက်ပြီး သေသွားတာက (၁၀) ယောက်ကျော်တယ်။ ကလေးတွေ အများဆုံးပဲ။ ဒီတခေါက်ကြည့်ရတာ တော်တော်ကို ပြင်းထန် ဆိုးရွားတယ်ဗျ။”
ထိခိုက်၊ သေဆုံးစာရင်းနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပါ။
ပေါက်ကွဲမှုဖြစ်ပွားသည့်အိမ်တွင် အများအားဖြင့် ကချင်တိုင်းရင်းသားများ ဖြစ်သည့် အသက် ငါးနှစ်နှင့် အထက်အရွယ် မိဘမဲ့ကလေးများ အပါအ၀င် သင်တန်းတက်ရောက်နေသည့်  လူလတ်ပိုင်း အရွယ် စုစုပေါင်း လူ(၄၀) ခန့် နေထိုင်ပြီး ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့် မိဘမဲ့ ဂေဟာလည်း ဖြစ်သည်။
ယင်း ပေါက်ကွဲမှုကြောင့် အနီးရှိ လောင်စာဆီနှင့် ကားတာယာများ သိုလှောင်ထားသည့် အိမ်အပါအ၀င် နေအိမ် သုံးလုံး မီးလောင်ခဲ့ပြီး အခြားအိမ်တလုံး ပျက်စီးခဲ့သဖြင့် ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်သည်ဟု မြို့ခံက ဆက်ပြောသည်။
“တော်တော်ပြင်းထန်တဲ့ ပေါက်ကွဲမှုဘဲဗျ။ အသားတွေ တစစီဖြစ်သွားတာတွေ့တယ်။ လူငယ် တယောက်ဆိုရင် ဦးဏှောက် ပွင့်သွားတယ်။ တကိုယ်လုံးမဲနေပြီးတော့ ဒီမနက်ကောက်ပြီးမှ ကြက်ခြေနီကားနဲ့ တင်သွားတယ်။ မွေးကင်းစ နှစ်လလောက်အရွယ် ကလေးတယောက်ဆိုရင် တဖက်မှာရှိတဲ့ ဘုရားရှိခိုးကျောင်းအပေါ်ထိ လွင့်သွားတယ်။”
ပေါက်ကွဲမှု ဖြစ်ပွားစဉ် သင်တန်းကျောင်း ဖွင့်လှစ်ထားသည့် ဦးဒိန်ယောင် တန်ဂွန်းမှာ သာသနာရေး ကိစ္စဖြင့် ဖားကန့်မြို့သို့ ရောက်ရှိနေပြီး ပေါက်ကွဲမှုအတွင်း ၎င်း၏ ကလေးနှစ်ဦး သေဆုံးခဲ့ကာ ချွေးမ ဖြစ်သူ ဒဏ်ရာရရှိသည်ဟု သိရကြောင်း မြို့ခံက ပြောသည်။
မြစ်ကြီးနားမြို့ပေါ်တွင် မကြာခန ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော်လည်း ယခု အကြိမ်သည် လူအသေအပျောက်နှင့် ဒဏ်ရာရမှု အများဆုံးဖြစ်သည်။
မည်သူမည်ဝါ၏ လက်ချက် ဖြစ်သည်ကို မသိရသေး သော်လည်း ယခုပေါက်ကွဲမှုအပေါ် မြစ်ကြီးနား မြို့ပေါ်နေ ကချင် တိုင်းရင်းသားများက အမျိုးမျိုး သုံးသပ်နေကြပြီး စိုးရိမ် ထိတ်လန့်နေကြကြောင်း ၎င်းက ဆက်ပြောသည်။
“ကချင်တွေက တော်တော်ကို ထိတ်လန့်နေကြတယ်။ အုပ်စုလိုက်နေတဲ့နေရာတွေ၊ အရေးကြီးတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး ခြိမ်းခြောက် လာပြီလား ဆိုပြီးတော့ ဝေဖန်နေကြတယ်။ ညမိုးချုပ် လာတာနဲ့ ဒီညက ဘယ်ဖက်မှာ ပြန်လုပ်မလဲ၊ ကိုယ့်ဖက်အလှည့် ကျပြီလား။ တော်တော်ကို စိုးရိမ်၊ ထိတ်လန့်ပြီး ကြောက်နေကြပြီ။”
လွန်ခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်နေ့ည (၈) နာရီကျော် အချိန်က မြစ်ကြီးနားမြို့ ဧရာ ရပ်ကွက် အောင်ဆန်း လမ်းမကြီး ဘေးတွင် ချိန်ကိုက်ဗုံးတလုံး တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ဖောက်ခွဲ ဖျက်ဆီးခဲ့သည်ဟု ယနေ့ထုတ် အစိုးရ အာဘော် သတင်းစာ၌ ဖော်ပြပါရှိသည်။
ထို့အပြင် ည(၁၀) နာရီ အချိန်ခန့်ကလည်း သီတာရပ်ကွက် အားကစားနှင့် ကာယပညာ ဦးစီးဌာန ရုံးရှေ့နှင့် တပ်ကုန်းရပ်ကွက် အတွင်း၌ မိနစ် (၂၀)ခန့် ခြား၍ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ မရှိဟု ဆက်လက်ဖော်ပြသည်။ သို့သော် မည်သူမည်ဝါ၏ လက်ချက် ဖြစ်သည်ကို ဖော်ပြထားခြင်း မရှိပါ။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"