Tuesday, November 22, 2011

ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရ ပဏာမ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး

ရှမ်း​ ပြည်လွတ်​မြောက်​ရေး​အတွက် လက်နက်ကိုင်တိုက်ပွဲဝင်​နေတဲ့​ ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည် ပြန်လည် ထူ​ထောင်​ရေး​ကောင်စီ SSA- RCSS ဟာ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က ထိုင်း​-မြန်မာ နယ်စပ် တ​နေရာမှာ အပစ်အခတ်ရပ်စဲ​ရေး​ကိစ္စ ပဏာမ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။
RCSS အဖွဲ့နှင့် မြန်မာငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးနေစဉ် (photo-SSA/RCSS)
ဒီ​ဆွေး​နွေး​ ပွဲကို မြန်မာအစိုး​ရဘက်က မြန်မာ့​မီး​ရထား​ပို့​ဆောင်​ရေး​ ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်ပြီး​ ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ ​ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး​ ရွက်စစ်က ဦး​ဆောင်ပြီး​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။
စ​နေ​နေ့​ မနက် ၉ နာရီ က​နေ ၁၀ နာရီခွဲထိ အချိန် တနာရီခွဲကြာ ပြုလုပ်ခဲ့​တဲ့​ ​ဆွေး​နွေး​ပွဲမှာ အစိုး​ရကိုယ်စား​လှယ်​တွေဘက်က နှစ်ဘက် အပစ်အခတ်ရပ်စဲ​ရေး​၊​ နှစ်ဖက်ဆက်ဆံ​ရေး​ရုံး​တွေ ဖွင့်​လှစ်ထား​ရှိ​ရေး​၊​ နှစ်ဖက်နယ်​မြေထဲမှာ လက်နက် မကိုင်​ဆောင်ဘဲ ဖြတ်သန်း​သွား​လာခွင့်​ပြု​ရေး​နဲ့​ ဗဟိုအစိုး​ရနဲ့​ တိုက်ရိုက်​ဆွေး​နွေး​ဖို့​ အချိန်​နေရာ သတ်မှတ်​ရေး​ အချက် ၄ ချက် တင်ပြခဲ့​ပါတယ်။
ရှမ်း​ ပြည်တပ်မ​တော်ဘက်က​တော့​ နှစ်ဘက် အပစ်ခတ် ရပ်​ရေး​၊​ နိုင်ငံ​ရေး​ပြဿနာကို ​ဆွေး​နွေး​ညှိနှိုင်း​ ​ဖြေရှင်း​ရေး​၊​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆောင်ရွက်ဖို့​ ကိုယ်ပိုင်နယ်​မြေ သတ်မှတ်​ရေး​၊​ မူး​ယစ်​ဆေး​ဝါး​ ပူး​ပေါင်း​တိုက်ဖျက်​ရေး​ ကိစ္စ​တွေ တင်ပြခဲ့​ပါတယ်။
နှစ်ဘက်တင်ပြချက်​တွေဟာ အပြုသ​ဘော​ဆောင်တယ်လို့​ ရှမ်း​ပြည် တပ်မ​တော်ဘက်​ပြောခွင့်​ရ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ခုလို​ပြောပါတယ်။
“ပထမအချက်မှာ​ တော့​ ကျ​နော်တို့​မူအား​ဖြင့်​ တိုက်ဆိုင်မှု​တွေ၊​ သ​ဘောထား​ခြင်း​လည်း​ တူညီတယ်ဆိုပြီး​တော့​ မူအား​ဖြင့်​ သ​ဘောတူလက်ခံတဲ့​ အ​ကြောင်း​တော့​ ကျ​နော်တို့​ အကြမ်း​ဖျဉ်း​ပြောကြား​ထား​တယ်။ ကျ​နော်တို့​ အချက်သုံး​ချက်မှာဆိုရင်​တော့​ အပြုသ​ဘော​ဆောင်တဲ့​ ပုံစံမျိုး​တွေ ​တွေ့​ရတယ်။ ​နောက်ပြီး​တော့​ ပထမအချက်မှာ ​ဆောင်ရွက်ဖို့​ အချက်တချက်မှာလည်း​ အပြုသ​ဘော​ဆောင်တဲ့​ သ​ဘောထား​မျိုး​ကို ကျ​နော်တို့​တွေ့​ရှိရတယ်။ လုပ်ငန်း​စဉ် အပြီး​ဆွေး​နွေး​တဲ့​နေရာမှာ သ​ဘောတူညီချက်​တွေ ရရှိမယ့်​ တရား​ဝင်လက်မှတ်​ရေး​ ထိုး​ဖို့​ စဉ်း​စား​ထား​ပါတယ်။”
ဆက်ဆံ​ရေး​ ရုံး​ဖွင့်​ရေး​ကိစ္စမှာ​တော့​ မြန်မာအစိုး​ရဘက်က ​တောင်ကြီး​၊​ ခိုလမ်၊​ မိုင်း​တုံစတဲ့​ မြို့​ ၃မြို့​မှာ ဖွင့်​လှစ်ဖို့​တင်ပြပြီး​ ရှမ်း​ဘက်က​တော့​ ရှမ်း​ပြည် ​တောင်ပိုင်း​မြောက်ပိုင်း​ ကူး​သန်း​ရေး​ အချက်အချာကျတဲ့​ မန္တ​လေး​မြို့​ အပါအဝင် ရှမ်း​ပြည်အ​ရှေ့​ပိုင်း​၊​ ​တောင်ပိုင်း​၊​ ​မြောက်ပိုင်း​နဲ့​ အ​ရှေ့​ပိုင်း​တွေမှာရှိတဲ့​ စုစု​ပေါင်း​ ၁၀ မြို့​မှာ ဆက်ဆံ​ရေး​ရုံး​တွေဖွင့်​ဖို့​ တင်ပြခဲ့​တယ်။
အပစ်အခတ်ရပ် နယ်​မြေနဲ့​ ကိုယ်ပိုင်ဖွံ့​ဖြိုး​ရေး​ဆောင်ရွက်ဖို့​ နယ်​မြေ​တွေ သတ်မှတ်ပြီး​ရင် ဒုတိယအကြိမ် ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲကို ​နေပြည်​တော်မှာ လုပ်မယ့်​အ​ကြောင်း​ တတိယအဆင့်​အ​နေနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​အား​လုံး​ ပါဝင်တဲ့​ ညီလာခံတခု ​နေပြည်​တော်မှာ ကျင်း​ပမယ်လို့​လည်း​ အစိုး​ရဘက်က ​ပြောခဲ့​တယ်လို့​ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ဆက်​ပြောပါတယ်။ ဒါ​ပေမယ့်​ ​နေ့​ရက် အချိန် မသတ်မှတ်ရ​သေး​ပါဘူး​လို့​ဆိုပါတယ်။
ထိုင်း​ -မြန်မာနယ်စပ် လွိုင်တိုင်း​လျဲန်း​ အ​ခြေစိုက် ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ SSA- RCSS ဟာ ယခင် ဦး​ခွန်ဆာ ​ခေါင်း​ဆောင်တဲ့​ အမ်တီ​အေ အဖွဲ့​က​နေ ခွဲထွက်ခဲ့​တဲ့​ အဖွဲ့​တဖွဲ့​ ဖြစ်ပါတယ်။
၁၉၉၅ ခုနှစ် ဦး​ခွန်ဆာ လက်နက်ချအလင်း​ဝင်​ရောက်ခဲ့​တဲ့​အထဲ မပါဝင်ခဲ့​ဘဲ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​အ​နေနဲ့​ ဆက်လက်တိုက်ပွဲဝင်ခဲ့​ပါတယ်။ ၂၀၁၁ ​မေလမှာ ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​နဲ့​ ​မြောက်ပိုင်း​အဖွဲ့​ မူအရ တဖွဲ့​တည်း​ ​ပေါင်း​စည်း​ခဲ့​တယ်။
ဒါ​ပေမယ့်​ ဝမ့်​ဟိုင်း​ အ​ခြေစိုက် ရှမ်း​ပြည် တပ်မ​တော် ​မြောက်ပိုင်း​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ SSA- SSPP က​တော့​ ညီညွတ်​သော တိုင်း​ရင်း​သား​ လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီရဲ့​ မူဝါဒအတိုင်း​ ​ဆွေး​နွေး​သွား​မယ်လို့​ ရှမ်း​ပြည် တိုး​တက်​ရေး​ပါတီက ​ပြောပါတယ်။ 
@ by http://burmese.dvb.no/archives/18100

No comments:

Post a Comment