မြန်မာနိုင်ငံမှာ သဘောင်္သားဆိုတာ အခြေခံ လူတန်းစားတွေထဲမှာတော့ စားနိုင်၊
သောက်နိုင်၊ သုံးနိုင်၊ ဖြုန်းနိုင်၊ ကိုယ်ပိုင်ကား စီးနိုင်သူဖြစ်လို့
ချမ်းသာ သူလို့ ပြောလို့ရသည်။
ကျွန်တော်သည် သဘောင်္သားဖြစ်သည်။ သဘောင်္သားဘဝဖြင့် သဘောင်္လိုက်နေတုန်းက ကျွန်တော် ချမ်းသာခဲ့ဖူး သည်။ ကိုယ်ပိုင်အိမ်ဖြင့် နေနိုင်ခဲ့သည်။ ကိုယ်ပိုင်ကား စီးနိုင်ခဲ့သည်။ တီဗွီ၊ ဗွီဒီယိုဆိုတာပေါ်တာနဲ့ ဝယ်သုံးနိုင်ခဲ့သူ
ဖြစ်သည်။ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၄၅ဝ ရသည့်ခေတ်မှာ လစာဒေါ်လာ ၂,ဝဝဝ လောက်ရသူဖြစ်လို့ တစ်လကို ဝင်ငွေ ကိုးသိန်းလောက် ရခဲ့ဖူးသူ ဖြစ်သည်။ ချမ်းသာခဲ့ဖူးသည်လို့ ပြောလို့ရမည်ထင်သည်။
အသက်ကြီးလာလို့ သဘောင်္မလိုက်ရတော့သည့်အခါ ဝင်ငွေမရှိ ဖြစ်သွားတော့သည်။ ဝင်ငွေမရှိတော့သော်လည်း မိသားစု၏ ဝန်ဆောင်စရိတ်က လျော့ကျမသွားသည့်အပြင် နေ့စဉ်တိုးများလာနေသည်။
စားသောက်ကုန် ဈေးနှုန်းတွေ အဆများစွာ တိုးတက်လာသည်။ ရေ၊ မီး၊ လောင်စာ၊ မိလ္လာ၊ တယ်လီဖုန်း အခွန်အခ
တွေပါ အဆများစွာ တက်လာသည်။ သာရေးနာရေး၊ လူမှုရေးကူငွေ၊ လှူငွေ ပိုများလာသည်။ ဒီဝန်ဆောင်စရိတ်
တွေကို ကျေပွန်ဖို့အ တွက် ဝင်ငွေမရှိတော့လို့ အတွင်းပစ္စည်းတွေကို တဖြေးဖြေး ထုခွဲရောင်းချပြီး သုံးစွဲနေရ သည်။
အဆောင်အယောင်၊ အသုံးအဆောင်တွေ၏ ပြင်ဆင်မွမ်းမံစရိတ်တွေကလည်း မကြာခဏ ပေါ်လာသည်။ အိမ်သုံးပစ္စည်းတွေပျက်သည်။ ပြုပြင်ရသည်။ အသစ်ဝယ်ရသည်။ ပြုပြင်စရိတ်၊ ဝယ်စရိတ်တွေကဈေးကြီးလို့ မနိုင်ဝန်ထမ်းနေရတော့သည်။ ဓါတ်ဆီတစ်ဂါလံကို ၂၅ လောက်ကစပြီး ကိုယ်ပိုင်ကားစီးလာခဲ့တာ ဖြစ်သည်။ တစ်ဂါလံကို ၃,၃၅ဝ ဖြစ်လာသည့် အခါ မောင်တော်ကားကို စက်တောင်မနှိုးရဲ ဖြစ်နေတော့သည်။
ကျွန်တော်သည် ကျွန်တော်၏ ပိုင်ဆိုင်မှုတွေနှင့် အသုံးအဆောင်တွေကိုကြည့်ပြီး စိတ်မောနေသည်။ ဒါတွေရဲ့ ဝန်ဆောင်စရိတ်တွေကို မတတ်နိုင်တော့လို့ ဒါတွေကိုကြည့်ပြီး စိတ်မောနေတာ ဖြစ်သည်။ ဒါတွေဟာ ငါ့အတွက် တကယ်လိုအပ်သလား၊ ဒါတွေမရှိရင် မဖြစ်ဘူးလား တွေးရတော့သည်။ ဒါတွေကို ဝယ်ယူစဉ်ကပင် လိုအပ်လို့ ဝယ်ယူခဲ့တာတွေ မဟုတ်၊ လိုချင်လို့ဝယ်ယူထားခဲ့သည့် ပစ္စည်းတွေ ဖြစ်သည်။ ဝန်ထုပ်ဝန်ပိုးမိနေပြီး ဖြစ်သည့် ပစ္စည်းမျိုးစုံကိုကြည့်ပြီး မိမိကိုယ်မိမိပြောမိသည်။
''ယနေ့ကစလို့ ငါသည် လိုအပ်တာနဲ့ လိုချင်တာကိုခွဲခြားသိဖို့လိုပြီး အဓိကနဲ့ သာမညကို ကွဲပြားနားလည်ဖို့ လိုပြီ'' ဒါတွေကို ပိုင်ဆိုင်ထားတာဟာ ချမ်းသာတာလား၊ ဒါတွေကို ပိုင်ဆိုင်ထားမိတဲ့အတွက် ဒါတွေရဲ့ ဝန်ဆောင်စရိတ်
တွေကို မထမ်းဆောင်နိုင်တော့လို့ ငါ စိတ်ဆင်းရဲနေတာပါကလား၊ ဒါတွေမရှိလျှင် ငါဘာဖြစ်သွားမလဲ၊ ဒါတွေထဲက ဇိမ်ခံပစ္စည်းတချို့ကို သုံးစွဲဇိမ်ခံသည့်အတွက် အချိန်ကုန်သည်။ ရောဂါရှာသည်။ ထိုင်ပြီး ဇိမ်ခံ နေလို့ ကိုယ်လက် လှုပ်ရှားမှုမရှိ ဖြစ်ခဲ့သည်။
ဝယ်ထားသည့် အရက်ပုလင်းတွေနှင့် လက်ဆောင်ရသည့် ဝိုင်ပုလင်းတွေကိုကြည့်ပြီး စိတ်ကုန်လာသည်။ အသက် ရှည် ကျန်းမာရေးအတွက် အထောက်အကူမဖြစ်သည့် ရန်သူတွေလို့ မြင်လာသည်။ အနှစ် နှစ်ဆယ်ကျော် သက်တမ်းရှိပြီး အင်ဂျင်ကျနေလို့ ဆီးစားများနေသည့် မော်တော်ကားကြီးကိုကြည့်ပြီး ဘဝလက်တွဲဖော်မိတ်ဆွေကြီး လို့ မမြင်နိုင်ဖြစ်နေသည်။ ငါ့အိတ်ထဲက ပိုက်ဆံတွေကို နုတ်ယူဖို့စောင့်နေတဲ့ ရုပ်ဝတ္ထုပစ္စည်းကြီးလို့ မြင်လာသည်။
''ချမ်းသာခြင်းဆိုတာဘာလဲ၊ ရုပ်ဝတ္ထုပစ္စည်း တွေ အများအပြားပိုင်ဆိုင်တာကို ချမ်းသာတယ်လို့ ခေါ်သလား၊ အိမ်နှင့်မော်တော်ကား မဆိုထားနဲ့ နွားလှည်းတောင်မစီးဘဲ ခြေလျင်သွားပြီး သစ်တစ်ပင်ရင်း၊ ဝါးတစ်ပင်ရင်းမှာ သီတင်းသုံး သည့် ရသေ့၊ ရဟန်းတွေဟာ မချမ်းသာဘူးလား'' ကျွန်တော့်ကိုယ်ကျွန်တော် မေးမိသည်။
ကျွန်တော်မဖြေနိုင်သေးဘဲ တွေဝေနေသည်။ ဒီမေးခွန်၏အဖြေသည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ပိဋကတ်တော်တွေထဲမှာ ရှိနိုင်သည်။ သုတ္တန်ပိဋကတ်တော်မှာ ရှာကြည့်သည်။ တွေ့ပါသည်။ တွေ့တာမှ နှယ်နှယ်ရရ မဟုတ်၊ မြတ်စွာဘုရား ကိုယ်တော်တိုင်ကို မင်းသားတစ်ပါးက မေးလျှောက်သည့်အကြောင်းကို သွားတွေ့သည်။
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဖြစ်သည်။ အာဠဝီပြည်က မင်းသားတစ်ပါးဖြစ်သည့် ဟတ္ကာအာဠာဝက အမည်ရှိ မင်းသားသည် တောကစားထွက်တော်မူသည်။ မင်းသားသည် သားကောင်ကိုရှာဖွေရင်း တောအုပ် တစ်ခုအတွင်းကို ရောက်သွားသည်။ အဲဒီ တောအုပ်ထဲက တိရစ္ဆာန်တွေသွားသည့် လမ်းဘေးက သစ်ပင်ကြီး တစ်ပင်အောင်မှာ ထိုင်တော်မူနေသည့် မြတ်စွာဘုရားကို သွားတွေ့သည်။ မြတ်စွာဘုရားသည် တည်ငြိမ်အေးချမ်း သည့် အသွင်ဖြင့် ရှေ့ကိုတူရူကိုကြည့်ရှုပြီး ဆိတ်ငြိမ်စွာ ထိုင်တော်မူနေသည်။ မင်းသားသည် လေးနှင့်မြှားတွေကို အသာချပြီး မြတ်စွာဘုရားကို ရှိခိုးဦးချသည်။ မြတ်စွာဘုရား၏ အနေဆင်းရဲခြင်းကိုကြည့်ပြီး မြတ်စွာဘုရားကို အတော် သနားသွားဟန်တူသည်။ မြတ်စွာဘုရားကို လက်အုပ်ချီလျက် ရိုသေစွာ လျှောက်ထားမေးမြန်းသည်။
''အရှင်မြတ်ဘုရား၊ ချမ်းသာစွာ အိပ်စက်ရပါသလားဘုရား'' ''ချမ်းသာစွာအိပ်စက်ရသော သူတွေထဲမှာ ငါဘုရား လည်း တစ်ပါးအပါအဝင်ဖြစ်တယ် မင်းသား၊ ချမ်းသာစွာအိပ်စက်ရပါတယ်'' ''အရှင်မြတ်ဘုရား၊ ရာသီဥတုကလည်း အလွန်အေးပါသည်။ အရှင်ဘုရား ထိုင်နေသည့် မြေပြင်ကလည်းမညီမညာ၊ တိရစ္ဆာန် ခြေရာခွက်တွေဖြင့် ဖုထစ်
နေပါသည်။ ခင်းထားသည့် သစ်ရွက်ခြောက်တွေကလည်း ပါးလွှာလွန်းပါသည်။ ဒီနေရာမျိုးမှာ ချမ်းသာစွာ အိပ်စက် လို့ရပါသည်ဆိုတာ ဖြစ်နိုင်ပါ့မလားဘုရား'' ''မင်းသား နွေးထွေးလုံခြုံသည့် အခန်းတွင်းက နူးညံ့၊ အိစက်ညက်ညော သည့် ဖဲမွေ့ရာဖြင့် အိပ်စက်နေပါသော်လည်း၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿ၊ မစ္ဆရိယ၊ ကုက္ကုစ္စဆိုတဲ့ ကိလေသာစိတ်အပူမီးတွေ အားလုံးကို ငြိမ်းသတ်ထားပြီးဖြစ်လို့ မည်သည့်နေရာမှာမဆို ချမ်းသာစွာနေနိုင်၊ အိပ်စက်နိုင်ပါသည်'' မြတ်စွာဘုရား မိန့်ကြားတာကို ကြားတော့ ဟတ္တာအာဠာဝကမင်းသား အံ့သြသွားသည်။
သတိတရားရသွားသည်။ မင်းသားသည် အရိယာ ဖြစ်သွားသလား၊ သောတာပန် ဖြစ်သွားသလား၊ ကျွန်တော်မသိ။ ဒီသုတ္တန်ဝတ္ထုကို ဖတ်မိသည့် ကျွန်တော်ကတော့ ဘာကိုမျှ ပိုင်ဆိုင်လိုစိတ် မရှိတော့သည့်အတွက် မော်တော်ကား ကစပြီး ရောင်းပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ကျွန်တော့်မော်တော်ကားကို ဝယ်ချင်နေသူကို ဖုန်းဆက်ခေါ် လိုက်သည်။ ကားဝယ်မည့်သူ ချက်ချင်း ရောက်လာသည်။
ကားဈေးကောင်းစဉ်ကသိန်း ၂ဝဝ ဖြင့်တောင် မရောင်းခဲ့သည့်ဟာကို သိန်း ၇ဝ တည်းဖြင့် ရောင်းလိုက်သည်။ တီဗီ၊ ဗွီဒီယို အဟောင်း အပျက်တွေဝယ်တယ်၊ မီးအားမြှင့်စက် အဟောင်းအပျက်တွေ ဝယ်တယ်၊ လက်ပတ်နာရီ အဟောင်း၊ ဖောင်တိန်အဟောင်းအတွေ ဝယ်တယ်လို့ အိမ်ရှေ့ကိုလာပြီး အော်နေသူကိုခေါ်ပြီး အဟောင်းတွေ မှန်သမျှ အကုန်ရောင်းသည်။
''နောက်ထပ် ဘာအဟောင်းတွေ ဝယ်သေးလဲ'' ''အဟောင်းမှန်သမျှ အကုန်ဝယ်ပါတယ် အန်ကယ်'' ''လူအဟောင်း ဝယ်သလား၊ အမျိုးသမီးကြီး အဟောင်းကြီးတစ်ယောက် ရှိနေတယ်'' ''လူကိုတော့မရောင်းပါနဲ့ အန်ကယ်။ ဆက်ပေါင်းနေလိုက်ပါ၊ လူဆိုတာ ဟောင်းလာတော့မှ ပိုပြီး တန်ဖိုးရှိလာတာပါ'' သူပြောတာ ဖြစ်နိုင်သည်။ ကျွန်တော်သည်ပင် အိုဟောင်းလာတော့မှ အတွေးအခေါ်၊ အယူအဆတွေ ပိုကောင်းလာတာ ဖြစ်သည်။ လိုချင်တပ်မက်သည့်စိတ်တွေ ကုန်ခမ်းလာသည်။
အာရုံခံစားချင်စိတ်တွေ လျော့နည်းလာသည်။ ရှင်းအောင်ပြောရလျှင် ဘာကိုမျှ လိုချင်ပိုင်ဆိုင်လိုစိတ်မရှိ ဖြစ်လာ သည်။ ဘာမျှမရှိတာ ပိုင်ဆိုင်မှုကင်းမဲ့တာကို ဆင်းရဲတာလို့ဆိုလျှင် ဆိုကြစေတော့၊ ကျွန်တော်ကတော့ ဆင်းရဲတော့မှ စိတ်ချမ်းသာတော့သည်။
Cr=>>

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !