NLD ပါတီ မှတ်ပုံမတင်သင့်ကြောင်း ပါတီမြို့နယ်စည်းနဲ့ ပါတီဝင်တချို့က သဘောထားတစ်ရပ် ထုတ်ပြန်ပြီး ပါတီ ခေါင်းဆောင်တွေကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
(Photo: AFP)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အများစုက ပါတီ မှတ်ပုံမတင်ရေး သဘောတူခဲ့ကြပြီးနောက် ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို မတ်လ ၂၉ ရက်တွင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ယာ) နှင့် ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း (ဝဲ) တို့က ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် သတင်းထောက်များကို ရှင်းလင်း ပြောကြားနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရှင်သန် ရပ်တည်ရေးဆိုင်ရာ သဘောထားဖော်ပြချက်” ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့ အဲဒီ သဘောထား ကြေညာချက်ကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂) ဦး အပါအဝင် NLD ပါတီဝင် (၃၂) ဦးတို့က လက်မှတ်ထိုးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟို အလုပ်အမှုဆောင်တွေထံ ပေးပို့ခဲ့တယ်လို့ ဒီလှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်တဲ့ ဒေါ်နော်အုန်းလှက ပြောပါတယ်။ NLD ပါတီဟာ ပြည်သူတွေရဲ့ထောက်ခံအားပေးမှုနဲ့ ရပ်တည်နေတဲ့ ပါတီဖြစ်တာကြောင့် အောက်ခြေ ပါတီဝင်တွေနဲ့ ပြည်သူတွေရဲ့ သဘောထား ဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ထုတ်ပြန်တဲ့ ရွှေဂုံတိုင် ကြေညာချက်မှာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပါ အချက်တွေကို ပြန်ပြင်ပေးမှ ပါတီမှတ်ပုံတင်ဖို့ စဉ်းစားမယ်လို့ NLD ပါတီက ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ ပေးပို့တဲ့ သဘောထား ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒေါ်နော်အုန်းလှကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !